ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရေခပ်သွားစဉ် သေလုနီးပါး ဦးခေါင်းကို အရိုက်ခံရသူအမျိုးသမီးက ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သင်းခေါင်မော်အုပ်စု၊ ဘိတ်တောင်ကျေးရွာမှ အသက် ၃၁ အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ မဦးသန်းနုသည် သူမရေခပ်သွားစဉ် နောက်ကနေ သူမဦးခေါင်းကို သေလုမျောပါး ရိုက်နှက်ခဲ့သူများအား ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုလိုက်သည်။

 ရိုက်နှက်ခံရသူမှာ ဦးလှကျော်သာနှင့် ဒေါ်ခိုင်အေးတို့၏ သမီးဖြစ်သူ အသက် ၃၁နှစ်အရွယ် မဦးသန်းနုဖြစ်ပြီး   လနီးပါးကြာနေပြီဖြစ်သော်လည်း ယခုအချိန်ထိ  အမှုမှန် မပေါ်ပေါက်သေးသဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း သူမက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

 " ကျွန်မ ရေခပ်လို့ပြန်လာတဲ့အခါ အနောက်ကနေ ဦးခေါင်းကိုအရိုက်ခံလိုက်ရတာပါ။ အဲဒီအချိန်မှာ ကျွန်မမူးလဲသွားတယ်။ ဒါပေမယ့် စကားပြောသံတချို့ကိုတော့ ကြားလိုက်ပါတယ်။ သတိပြန်ရလာတဲ့ အချိန်မှာလည်း မျက်လုံးတွေဝေဝါးပြီးတော့ လူတွေမြင်ခဲ့ပေမဲ့မမှတ်မိခဲ့ဘူး။ ဘယ်နေရာက နိုးလာလဲဆိုတာလဲ မမှတ်မိဘူး။ သတိရလာတာနဲ့ အိမ်ကို မူရီမူဝါးနဲ့ပြန်လာခဲ့တာပါ " ဟုပြောသည်။

၎င်းဖြစ်စဉ်သည် ပြီးခဲသည့် ဒီဇင်ဘာ ၈ ရက် နေ့လယ် ၁၂ ကျော်နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူမ ရေခပ်ပြီး အိမ်ပြန်လာစဉ် လမ်းတွင်နောက်ကျောမှ အရိုက်ခံလိုက်ရသည်ဟု ပြောကြားသည်။ 

ထိုသို့ အရိုက်ခံရသဖြင့် မဦးသန်းနုမှာ ဦးခေါင်း၊ ပခုံးနှင့် ကျောကုန်းတို့တွင်ဒဏ်ရာရရှိခဲ့ပြီး မင်းပြားမြို့နယ် ဆေးရုံတွင် ၄ရက်ကြာ ဆေးကုသမှုခံယူရကာ ဦးခေါင်းက ဒဏ်ရာကို လေးချက် ချုပ်ခဲ့ရသည်ဟု သူမ၏ မတ်ဖြစ်သူ ကိုမင်းမင်းစိုးက နိရဥ္စရာကိုပြောသည်။

" ဒီလိုအရိုက်ခံရတဲ့အတွက် ဦးခေါင်းကနေ သွေးတွေ အရမ်းထွက်ပြီး  ဦးခေါင်းက ဒဏ်ရာကို လေးချက်ချုပ်ရတယ်။ ဓါတ်မှန်ရိုက်ကြည့်တော့ ခန္ဓာကိုယ်ထဲအသားတွေ ကြေမွသွားတယ်။ အဆုပ်တွေနာသွားတယ်။ အာရုံကြောလည်းထိခိုက်သွားတယ်လို့ အဖြေထွက်ပါတယ်။ ဆေးမှတ်တမ်းစာရွက်တွေလည်းရှိပါတယ်။ ကျနော်တို့ထင်တာက အဓမ္မကြံစည်မူလည်း ပါမယ်ထင်တယ် " ဟုပြောသည်။

မဦးသန်းနုမှာ ရေခပ်သွားသည့် အချိန်ကြာနေပြီဖြစ်၍ ညီမဖြစ်သူက ရေခပ်သည့် လမ်းတစ်လျှောက် သွားပြီး လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သဖြင့် စိုးရိမ်တကြီးဖြစ်နေစဉ်  ဒေါ်မဦးသန်းနုမှာ သွေးသံရဲရဲဖြင့် အိမ်ကို ရောက်ရှိလာပြီးနောက် ထပ်မံ သတိလစ်သွားသဖြင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ဆိုသည်။

ယခုကိစ္စနဲ့ပတ်သတ်ပြီး ULA နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို နစ်နာသူမိသားဝင်များမှ တိုင်ကြားထားပြီး မဦးသန်းနုနှင့် အတူမိသားစုဝင်များမှာ အမှုမှန်ကိုအမြန်ဆုံးဖော်ထုတ်ပေးနိုင်ရန် တောင်ဆိုထားသည်ဟု သိရသည်။

မဦးသန်းနုမှာ ၈ နှစ်အရွယ်သားတစ်ဦးရှိပြီး စိုက်ခင်းလုပ်ကိုင်စားသောက်နေထိုင်သူတစ်ဦးဖြစ်ကာ လက်ရှိတွင် ပြင်းထန်စွာဒဏ်ရာရရှိထားသောကြောင့် အနားယူနေရသည်ဟု သိရသည်။(NN-13)

ဆက်စပ် သတင်းများ