တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မြောက်ဦး၊ ပေါင်းတုတ်ရွာတွင်မီးလောင်မှုကြောင့် နေအိမ်(၅)လုံးပြာကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

(ရခိုင်တွင် တစ်ရက်အတွင်း မီးလောင်မှု (၂) ကြိမ်ဖြစ်ပွား)

 နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/၂၀၂၂

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မူဆလင်ကျေးရွာတွင်မီးလောင်မှုကြောင့် လူနေအိမ်(၅)လုံး မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။ 

 ဒီဇင်ဘာ ၃၀ ရက် ည ၈ နာရီခွဲတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး တစ်နာရီအကြာ ည ၉ နာရီခွဲမှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပေါင်းတုတ်ရွာမတာဝန်ခံ ဦးချောင်ရှုက နိရဉ္စရာကို ပြောသည်။

 "ပေါင်းတုတ် ဘလောင်တောရွာက အိမ် ၅ လုံးပါသွားပါတယ်။ ၈ နာရီခွဲလောက်ကနေ တစ်နာရီလောက်ကြာ ၉ နာရီခွဲလောက်မှာ ငြိမ်းသွားတယ်။ အိမ် ၅ လုံးလုံးပြာကျသွားပါတယ်"ဟု ပြောသည်။ 

 အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဦးရှော်အီးနာအိမ်၏ ထမင်းချက်သည့်မီးကြွင်းမီးကျန်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း အိမ် (၅) ဆောင်ပြာကျသွားသည်ဟု သူက ဆက်ပြောသည်။ 

 "ထမင်းချက်ပြီးလို့ မီးမငြိမ်းခင် တခြားအိမ်ကိုထမင်းသွားစားရာကနေ မီးစလောင်ပြီး တခြားအိမ်တွေပါ ကူးသွားတာပါ။ လူထိခိုက်မှုတော့ မရှိဘူး" ဟု ပြောသည်။ 

 မီးသတ်ကားရောက်ရှိလာသော်လည်း မီးငြိမ်ပြီးမှ ရောက်ရှိလာသည့်အတွက် ဆုံးရှုံးမှုများသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ 

 ယမန်နေ့ နံနက်အစောပိုင်း ညဉ့် ၁ နာရီခွဲအချိန်ကလည်း  ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပညာပါရမီ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်နှင့် ကယ်ဆယ်ရေး အဆောင် ၂ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်းသိရသည်။ 

ထို့ကြောင့် ရခိုင်တွင် ဒီဇင်ဘာ ၃၀ ရက် တစ်ရက်တည်းတွင် မီးလောင်မှု (၂) ကြိမ်ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း ယာယီကျောင်းဆောင်တစ်ဆောင်၊ ကယ်ဆယ်ရေးအဆောင်နှစ်ဆောင် နှင့် နေအိမ် (၅) လုံး မီးလောင်ပြာကျသွားခဲ့ရခြင်းဖြစ်သည်။ 

 အောက်တိုဘာလ ၃ဝရက်နေ့က စစ်တွေမြို့၊ အင်ဘာလာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် လေးလုံးဆုံးရှုံးခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ ဈေးမီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး၊ ဆိုင်ခန်း ၃၅ ခန်း မီးလောင်ကျွမ်းသွားခဲ့ကာ လူပေါင်း ၈၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရသည်။ (NN7)

ဆက်စပ် သတင်းများ