နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂၂
ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့သည် ၂၀၂၂ ခုနှစ်၏ နောက်ဆုံးရက်ဖြစ်ပါသည်။
၂၀၂၂ နှစ် တစ်နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်၌ အဆိုးအကောင်း ဖြစ်ပေါ် ပြောင်းလဲမှုများစွာရှိခဲ့ပါသည်။
ထိုအထဲတွင် ပျော်ရွှင်ဖွယ်ရာ၊ဝမ်းနည်းဖွယ်ရာများရှိခဲ့သလို သင်ခန်းစာယူစရာများ ပြည့်နှက်နေခဲ့ပါသည်။
သို့အတွက်ကြောင့် ကုန်ဆုံးသွားတော့မည့် ၂၀၂၂ ခုနှစ်အတွက် အဆိုးအကောင်းကို ခွဲခြမ်းစိတ့်ဖြာပြီး သင်ခန်းစာ ယူသင့်သော အချက်များကို သင်ခန်းစာ ယူနိုင်ရန် အတွက် ရခိုင်မှ လူပုဂ္ဂိုလ် ၅ ဦးအား မေးမြန်းတင်ပြပေးလိုက်ပါသည်။
ဦးထွန်းအောင်ကျော်
(မူဝါဒရေးရာဦးဆောင်ကော်မတီဝင်၊ ရခိုင်အမျိုးသားပါတီ/
ANP)
“၂ဝ၂၂ မှာတော့
၂ဝ၂၂ နှစ်စပိုင်းလောက်ကနေ ကျနော်တို့ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ သိပ်ပြင်းခဲ့တယ်လေ။
ပြင်းပြင်းထန်ထန်ဖြစ်ကြတယ်။ အဓိကကတော့ ဒီစစ်ရေးပဋိပက္ခ၊ တစ်ဘက်နဲ့တစ်ဘက်ဖြစ်ကြတဲ့အထဲမှာ
အပြစ်မဲ့ပြည်သူတွေကြားထဲက နစ်နာတာတွေ သိပ်များပါတယ်။
အထင်နဲ့အမြင်နဲ့
ဖမ်းဆီးခံရတာတွေ၊ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်းနဲ့လည်း
လက်နက်ကြီး ကျည်ဆံကျလို့
သေဆုံးရတဲ့အပြစ်မဲ့ပြည်သူတွေ၊ နောက်တစ်ခါ တစ်ဘက်နဲ့တစ်ဘက် ဟိုလမ်းကို
ပိတ်ကြတယ်။ ဒီလမ်းကို ပိတ်ကြတယ်။ အဲလို ဖမ်းဆီးမှုတွေ၊
အသက်သေဆုံးမှုတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်အောင်ဖန်တီးခံရမှုတွေနဲ့ဆိုတော့ ပြည်သူလူထုအနေနဲ့
အလွန်တရာ ဒုက္ခပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးခံစားရတဲ့ နှစ်တစ်နှစ်လို့
ပြောချင်ပါတယ်။
ဒါ့အပြင်
နောက် လျှပ်စစ်မီးကလည်း အတိုင်းအတာတစ်ခုထိ ပြတ်တောက်တာများတယ်။
လျှပ်စစ်ဓာတ်အား မပြည့်စုံတဲ့အတွက် အင်တာနက်ဆက်သွယ်မှုတွေလည်း
အလိုလို ပြတ်တောက်တယ်ဆိုတော့
ဒီလို အဘက်ဘက်ကနစ်နာမှုတွေကို
နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးဖို့၊ ဖြေရှင်းဖို့လိုအပ်တယ်လို့မြင်ပါတယ်။
နည်းလမ်းတစ်ခုကို စမ်းသပ်ကြည့်လို့
ဒီနည်းလမ်းနဲ့နေရာမကျဘူးဆိုရင်၊ ဒီလမ်းက သွားလို့ မရဘူးဆိုရင်
တစ်ခြားကောင်းတဲ့လမ်းတစ်ခုအတွက်ကတော့ ထည့်သွင်းစဉ်းစားသင့်တယ်လို့ မြင်ပါတယ်။
ဘာကြောင့်လဲဆိုရင်
ပြည်သူလူထုအကျိုးစီးပွားအတွက်ကိုပဲ ဘယ်အဖွဲ့အစည်းမဆို၊
ဘယ်ပုဂ္ဂိုလ်မဆို၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အားလုံး
စဉ်းစားပေးရမယ်လေ။ ဒါကြောင့် ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာနဲ့ မိမိတို့ရဲ့ခံစားချက်တွေကို
ဒီလူက ဆောင်ရွက်လိမ့်မယ်။ ဟိုလူက ဆောင်ရွက်လိမ့်မယ်မဟုတ်ဘဲနဲ့
ပြောစရာရှိတာတွေကို ပြည်သူကလည်း ပြောဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
ဒါကြောင့်
ဒီလိုအခက်အခဲလေးတွေကို သင်ခန်းစာယူပြီးတော့
ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင်နဲ့
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ပြည်သူလူထုတစ်ရပ်လုံး ဖြစ်စေ ဒီလိုအခက်အခဲတွေကျလာရင်
ဆက်လက်ပြီးတော့ ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေကိုလည်း စုပေါင်းပြီးတော့ ရှာကြံသင့်တယ်လို့
အဲလိုမြင်ပါတယ်။
ဦးဖေသန်း
(ဝါရင့်နိုင်ငံရေးသမား)
“အဓိက ရခိုင်သူ၊
ရခိုင်သားတွေခံစားနေရတဲ့ပြဿနာတွေကတော့ ရခိုင်ပြည်မှာ ULA/AA နဲ့
မြန်မာစစ်တပ်နဲ့ကြားမှာဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ဂယက်ဖြစ်ပါတယ်။
ဆိုးကျိုးဖြစ်တယ်။ ဒီတော့ ဒီတိုက်ပွဲတွေကြောင့်
အပြစ်မရှိတဲ့ပြည်သူတွေက စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တာတွေ၊
ရွာကို မီးရှို့တာတွေ၊ လူတွေဖမ်းတာတွေ၊ ရိက္ခာတွေဖြတ်တောက်ထားတာတွေ၊
နည်းမျိုးစုံနဲ့ ပြည်သူတွေကို ဒုက္ခပေးပြီးတော့ ဖိအားပေးခဲ့တာရှိတယ်။
အဲဒါက
အခု ယာယီအပစ်အခတ်ရပ်စဲလိုက်တော့
နည်းနည်းလောက် အသက်ရှူချောင်လာတယ်။ အဲဒီပြဿနာတွေရဲ့အရင်းခံဟာ
စစ်ပွဲတွေကြောင့်ဖြစ်တယ်။ စစ်ပွဲတွေကြောင့်ဖြစ်တယ်ဆိုရုံလောက်နဲ့
သာမန် သမားရိုးကျပြောလို့မရသည့်တိုင်အောင် ဒီ စစ်ပွဲတွေကို
ဖြေရှင်းပုံ၊ ဖြေရှင်းနည်းက မြန်မာစစ်တပ်ကဖြေရှင်းတာတွေက ပြည်သူတွေကို
ဦးတည်ပြီး ပစ်မှတ်ထားပြီးတော့ ဖြေရှင်းတယ်။
အဲဒီကိစ္စကြောင့်
ပြည်သူတွေအနေနဲ့လည်း စစ်ပွဲတွေ နောက်တစ်ခါ မဖြစ်လာလို့ မပြောနိုင်တော့
ဒီသင်ခန်းစာတွေကို အများကြီး ယူထားဖို့လိုတယ်။ ဒီဆိုးကျိုးတွေဟာ
ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်ဖို့လိုတယ်။
ဒီဆိုးကျိုးတွေကို နောက်တစ်ကြိမ် တိုက်ပွဲဖြစ်လာရင် ဘယ်လိုကာကွယ်မလဲဆိုတာတွေကိုလည်း
သင်ခန်းစာယူဖို့လိုတယ်။
ဒါက စစ်ရေးနဲ့ပတ်သက်လို့။
နိုင်ငံရေးနဲ့ပတ်သက်လို့ကတော့ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားတွေလိုချင်တဲ့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်
ခေတ်အဆက်ဆက် ဗမာအစိုးရတွေက မပေးခဲ့တဲ့အတွက် ဒီဟာတွေဖြစ်တယ်ဆိုတဲ့၊
ဒီလို ရပိုင်ခွင့်တွေကို တောင်းဆိုတာက နိုင်ငံရေးနဲ့ဖြေရှင်းလို့မရတော့ စစ်ရေးဘက်ကို ပြောင်းလာတယ်ဆိုတဲ့အခြေခံသဘောတရားတွေကိုလည်း ပြည်သူတွေ
သဘောပေါက်ထားဖို့လိုတယ်။
ဒါကြောင့်
ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေဟာ ဘာကြောင့် ဖြစ်လာရတယ်။ အဲဒီအခြေအနေ၊ အခက်အခဲ၊ အကျပ်အတည်းကို
ဘယ်သူတွေကို ဘယ်လိုဖြေရှင်းလို့ ငါတို့ ဘယ်လို ဒုက္ခရောက်ရတယ်ဆိုတဲ့ဟာတွေကို
အားလုံး သင်ခန်းစာယူပြီးတော့ အဲလို အခက်အခဲ၊ အကျပ်အတည်းတွေက
ဖောက်ထွက်ဖို့အတွက် ကျနော်တို့အားလုံး သင်ခန်းစာယူဖို့လိုတယ်။
ကြိုးစားဖို့လိုတယ်လို့ ပြောချင်ပါတယ်”
ဒေါ်ညိုအေး (ဥက္ကဋ္ဌ၊
ရခိုင်အမျိုးသမီးကွန်ရက်)
၂ဝ၂၂ အတွင်းမှာ
ကျမတို့ စိန်ခေါ်မှုပေါင်း အများကြီးတွေ့ရတယ်။ ပြီးတော့ နောက်တစ်ခုက ဒီ ၂ဝ၂၂
အတွင်းထဲမှာ ကိုယ်တို့ ရခိုင်ပြည်တွင်းထဲမှာရှိနေကြတဲ့ ဒီ ဘယ်လိုပြောမလဲ။
အမျိုးသားပါ၊ အမျိုးသမီးပါပြောလိုက်မယ်။ လူငယ်ပါ၊ လူကြီးပါပေါ့လေ။
သူတို့ရဲ့လိုချင်မှုတွေဟာ အများကြီး ကင်းမဲ့သွားကြတယ်။ နောက်ပြီးတော့
အလုပ်အကိုင်ရှားပါးတဲ့ဒဏ်တွေကြောင့်လည်း အမျိုးမျိုးမြင်ရတယ်ပေါ့လေ။
ပြည်ပထွက်ခွာတာတွေမြင်ရတယ်။ ပြီးတော့ စားဝတ်နေရေး အကျပ်အတည်းကြောင့်လည်း
တောင်းရမ်းစားသောက်တဲ့သူတွေများလာမြင်ရတယ်။ ပြီးတော့ facebook
ပေါ်တွေမှာလည်း
ခိုးယူလို့၊ ခိုးဆိုးတဲ့၊ အမှန်က ခိုးတယ်ဆိုတာက ဘယ်လိုပြောမလဲ။
ကိုယ်ချင်းမစာလို့ ပြောတာတော့ မဟုတ်ဘူး။ ဝမ်းမဝတဲ့အတွက်
ခိုးကြတဲ့တချို့တဝက်ကိုလည်း တွေ့လာရတယ်ဆိုတော့ အင်မတန်ရင်လေးစရာကောင်းတဲ့
နှစ်တစ်နှစ်လို့ မြင်ခဲ့ရတယ်။
နောက်တစ်ခု စိန်ခေါ်မှုက
ဘာလဲဆိုတော့ ကိုယ်တို့ရခိုင်ပြည်ရဲ့ အဓိကကျတဲ့ အမျိုးသားနိုင်ငံရေး၊
အရွှေ့အပြောင်းပေါ့။ အဲလိုအရွှေ့အပြောင်းတွေမှာလည်း စိန်ခေါ်မှုများစွာကို
တွေ့ရှိလိုက်ရတယ်ပေါ့လေ။ အားမလို အားမရ၊ တချို့ပြည်သူလူထုက
အားမလို အားမရဖြစ်တာတွေ၊ ကိုယ်တို့လက်တွေ့လုပ်ဆောင်နေကြတဲ့လူတွေက ဘယ်လိုပြောမလဲဆိုရင်
ကိုယ်တို့ကြားထဲမှာ အင်မတန်လိုအပ်ချက်လေးတွေ မြင်ကြရတယ်ပေါ့လေ။
အမျိုးမျိုးလေ။ အဲဒါတွေကတော့ တဖြည်းဖြည်း ပြုပြင်ယူသွားရမဲ့အရာတွေကတော့
မြင်ခဲ့ရတယ်ပေါ့။
အခုလက်ရှိအနေအထားတွေကလည်း ကိုယ်တို့မှာ
စိန်ခေါ်မှုများစွာရှိတယ်ပေါ့လေ။ အခုဆိုလို့ရှိရင် အဖမ်းအဆီး၊ အဖမ်းခံ၊
အဆီးခံတွေလည်း ရပ်တန့်လို့ လုံးဝသွားတာမျိုးတော့ မဟုတ်ဘူး။
ကြိုကြားကြိုကြား ဖမ်းဆီးနေကြတုန်းပဲ။ ပြီးရင် စစ်တွေမြို့ အခြေအနေ
အနေအထားမှာလည်း ကိုယ်တို့ဆိုရင် အရင်ကဆိုရင် စစ်တွေထောင်နဲ့ အနီးကပ်ဆုံးထဲမှာ ကိုယ်တို့ပါတယ်ပေါ့။
ထောင်တွင်းထဲက လူတွေ အကျပ်အတည်းဆို ကိုယ်တို့ဖြေရှင်းနိုင်တယ်။ အခုဆိုရင်
အဲဒီထောင်တွင်းထဲကိုလည်း ICRC ကအစပေါ့။
မဝင်တာဟာ ၂ နှစ်ကျော်သက်တမ်းရောက်လာပြီ။
ဆိုတော့
စွပ်စွဲခံတွေ၊ အကျဉ်းကျခံတွေအတွက်လည်း အများကြီး ရင်လေးစရာပေါ့။ နေ့တဓူဝ စားသောက်လုပ်ကိုင်နေကြတဲ့သူတွေအတွက်လည်း
ရင်လေးစရာကောင်းတယ်ပေါ့လေ။ အဲလို အစွပ်စွဲခံနေရတဲ့သူတွေလည်း
တစ်ဖုံ။ နောက်တစ်ခုက မိုင်းထိတာတွေ၊ ရခိုင်မှာဆိုရင် လတောင်မှ သိပ်မခြားဘူး။
လစဉ်လတိုင်းဆိုသလို တစ်လကို အမြဲတမ်း အဲဒီမိုင်းထိမှုတွေခံရတယ်။
ပြီးတော့ နောက်ဆုံးတစ်ခုက ပြည်ပထွက်ခွာတွေများလာတယ်ပေါ့။
အဲဒါတွေဟာ
ကိုယ်တို့အတွက် ရင်လေးစရာတစ်ခုပေါ့။ တည်ဆောက်မယ်ဆိုရင်လည်း အများကြီး
ကိုယ်တို့မှာ ကြိုးပမ်းရုန်းကန်ရဦးမယ်။
အဲလိုမြင်မိပါတယ်။ ၂ဝ၂၂ ကတော့ လုံးလုံးကို ပျော်ရွှင်စရာမရှိခဲ့တဲ့နှစ်တစ်နှစ်လို့
ပြောရမှာပေါ့။
သင်ခန်းစာလို့ပဲ ပြောရမလား။
တချို့က ဘဝနဲ့ပေးရတဲ့အသိပေါ့နော်။ အဲလို အသိတွေလို့ပြောရမလား။ အများကြီး
အများကြီး ပြည်သူတွေက ကြုံရတယ်ပေါ့လေ။ တစ်စုံတစ်ရာကြားမှာ ညှပ်နေတဲ့ ပြည်သူတွေအတွက်ကတော့
ရှင်းရှင်းလေးပြောရရင် ပြဿနာကြားမှာ ညှပ်နေရတဲ့ လူထုတွေအတွက်ကျတော့၊
ပြည်သူလူထုတွေအနေနဲ့ကတော့ ဒီရခိုင်ပြည်မှာ မှီတင်းနေထိုင်ကြတဲ့ သူတွေအားလုံး အတွက်ပြောပြတာလေ။ သူတို့တွေအတွက်ကတော့
ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့ သံဝေဂရစရာတွေ၊ နောင်တတွေ၊ ရင်ဘတ်ထဲမှာ
ယူကြုံးမရတာတွေပေ့ါ။ ပြီးတော့ တစ်ခါတစ်ခါမှာ ဘယ်လိုပြောမလဲဆိုရင်
ကိုယ်တို့လူမျိုးတွေက အကိုးကွယ်လွန်ကြတာတွေလည်း ရှိကြတော့ အဲဒါတွေနဲ့လည်း
နောင်တရတာတွေ အမျိုးမျိုးရှိကြမှာပေါ့လူဆိုတာကလေ။ တချို့တချို့ဆိုလို့ရှိရင်
မိသားစုတွေ ဘဝတွေပျက်သွားကြတယ်။ တချို့ဆိုရင် လုံးဝ
ချွတ်ခြုံကျသွားတဲ့သူတွေလည်း ရှိတယ်ပေါ့လေ။ ဆင်ခြင်စရာတွေကတော့ အများကြီးပဲ။
ဦးဝေဟင်အောင်
(စာရေးဆရာ)
“၂ဝ၂၂ သည် ရခိုင်ပြည်တစ်ခုလုံးကို
Overall ပေါ့လေ။
အပေါ်က အားလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ကောင်းတယ်လို့ ပြောဖို့ခက်ခဲ့တယ်။
ကျနော်တို့က ၂ဝ၂၂ အတောအတွင်းမှာ တစ်စုံတစ်ရာ ULA/ AA နဲ့ မြန်မာ့တပ်မတော်ကြားမှာ အပစ်အခတ်ရပ်စဲတာ
ပြန်လည်ကျိုးပေါက်ပြီးတော့ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်။ ရက်ပေါင်း ၄ဝ
လောက်ကြာကြာတိုက်ပွဲဖြစ်ခဲ့တယ်။ စစ်ပြေးရှောင်အသစ်တွေ တိုးလာခဲ့တယ်။
လမ်းပန်းဆက်သွယ်ရေးတွေပြတ်ပြီးတော့ ကုန်စျေးနှုန်းတွေ မတော်မတရား
မြင့်မားခဲ့တယ်။ ပြည်သူတွေ ဆင်းရဲဒဏ်၊ စစ်ဘေးဒဏ်ကို ထပ်တိုးပြီးတော့
ခံခဲ့ရတဲ့အတွက် အားလုံးကို ခြုံငုံလို့ပြောရမယ်ဆိုရင် ကောင်းခဲ့တယ်လို့
ပြောဖို့က အရမ်းခက်ပါတယ်။
ဒီဟာတွေထဲမှာ
ကျနော်တို့ဟာ ဆောင်ရန်၊ ရှောင်ရန်တို့ကို သိဖို့လိုအပ်တယ်ပေါ့။
လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီးတဲ့နောက်ပိုင်းမှာ ကုန်စည်မြင့်မားမှုဒဏ်၊
ပြီးတော့ အဆိုးဆုံးမှာ ဘာတွေဖြစ်လာလဲဆိုတော့ ကိုယ်တို့ဒေသက
ထုတ်ကုန်တွေကိုယ်တိုင်က လုံးဝပြတ်လပ်တာကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။
ဥပမာ စိုက်ပျိုးရေးအခန်းကဏ္ဍ၊ ရခိုင်ပြည်ဟာ ဒီလောက်မြေယာပေါများပြီးတော့
စိုက်ပျိုးရေးအခန်းကဏ္ဍရဲ့ မတွင်ကျယ်မှု၊ ဒီလောက် သားငါးတွေ ပေါရဲ့သားနဲ့ သားငါးတွေအခန်းကဏ္ဍ
မတွင်ကျယ်လာမှုတွေကို ပြည်သူတွေ မျက်ဝါးထင်ထင် မြင်ခဲ့ပြီဖြစ်တဲ့အတွက် ဒီဟာတွေနဲ့ပတ်သက်ပြီးတော့
ကြိုပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ မြင်တယ်။
စစ်ရေးပဋိပက္ခဆိုတာက ကျနော်တို့ အရပ်သားပြည်သူအနေနဲ့ သိဖို့ အရမ်း ခက်တယ်။
ဘာလို့ဆို ဟိုဘက်မှာလည်း သေနတ်ကိုင်ထားတယ်။ ဒီဘက်မှာလည်း သေနတ်ကိုယ်ထားတဲ့အတွက်
သေနတ်သည် အချိန်မရွေး ပြန်ပေါက်နိုင်တယ်။ ငြိမ်းချမ်းရေးယူတာက
ကောင်းတယ်ပေါ့လေ။ ပြည်သူအနေနဲ့က ငြိမ်းချမ်းရေးယူတာက အကောင်းဆုံးပဲ။
သို့သော် သေနတ်ကိုင်ထားတဲ့အတွက် သေနတ်သည် အချိန်မရွေးပေါက်လာနိုင်တယ်လို့ပြောလို့ရတဲ့အတွက်
တစ်စုံတစ်ရာ သေနတ်ပေါက်လာနိုင်တဲ့အတွက်
ကိုယ်တို့ဘက်က ပြင်ဆင်ထားဖို့ လိုအပ်တဲ့အရာတွေကို
ပြင်ဆင်ထားဖို့လိုအပ်တယ်လို့မြင်ပါတယ်”
ဦးခိုင်ကောင်းစံ
(ဒါရိုက်တာအဖွဲ့ဝင်၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)
၂ဝ၂၂ မှာတော့
ကျနော်တို့အတွက် သင်ခန်းစာတွေ အဆိုးအကောင်းနဲ့ပတ်သက်လို့ ဘာတွေရခဲ့လဲဆိုတော့
၂ဝ၂၂ မှာ မမျှော်လင့်ခဲ့ဘဲနဲ့၊ တချို့လည်း မျှော်လင့်ကြတယ်ပေါ့လေ။
ဒါပေမဲ့ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တယ်ပေါ့။ တကျော့ပြန်တိုက်ပွဲဖြစ်တဲ့အခါ
လူတွေ၊ ပြည်သူတွေသေဆုံးမှုတွေ၊ နောက်တစ်ခါ အပြစ်မရှိဘူးပေါ့။
တိုက်ပွဲဖြစ်တဲ့ဧရိယာမဟုတ်ဘဲ တခြားနယ်မြေတွေမှာ လက်နက်ကြီးကျပြီးတော့
သေဆုံးတာတွေလည်း ရှိခဲ့ရတယ်။ ကြားသိခဲ့ရတယ်။ အဲဒီအပြင်
ဆိုးဆိုးဝါးဝါးဖြစ်စဉ်ကတော့ လမ်းတွေပိတ်ဆို့မှုတွေပေါ့နော်။ ကုန်စည်စီးဆင်းမှုတွေ၊
ပိတ်ဆို့ထားတာတွေ၊ နောက်ပြီးတော့ စားသောက်ကုန်တွေကို ခွင့်ပြုချက်နဲ့
သွားလာရတဲ့အခြေအနေတွေဟာ ဆိုးဆိုးဝါးဝါးဖြစ်တယ်ပေါ့ ၂ဝ၂၂ မှာ။
နောက်ပြီးတော့
လမ်းပိတ်ထားတယ်ပေါ့လေ။ ဥပမာ ကျနော်တို့ စစ်တွေကို တခြားမြို့တွေက
မလာရဘူးလို့ပိတ်လိုက်တဲ့အချိန်ကာလဟာ လုံးဝ သင်ခန်းစာယူစရာပေါ့။
ရခိုင်ပြည်သူတွေအတွက်ဆိုရင်။
ကိုယ်တို့မှာ ကြိုတင်ပြင်ထားရမယ်။
ဟင်းသီးဟင်းရွက်ဆိုရင်လည်း ပြည်မကလာမှ စားသုံးရမဲ့အစား ဒီဘက်မှာ
ဘယ်လိုစိုက်ကြရမလဲဆိုတာမျိုးပေါ့။ နောက်ပြီးတော့
သိုလှောင်လို့ရတဲ့ပစ္စည်းတွေဆိုရင်လည်း ရတဲ့အချိန်မှာ
ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ သိုလှောင်ထားပြီးတော့ ကုန်စျေးနှုန်းတွေမမြင့်အောင်
ပြန်ပြီးတော့ရောင်းတဲ့အခါ ကုန်စျေးနှုန်းတွေ တက်သွားတဲ့အတွက် ပြည်သူတွေ
ထိခိုက်မှုတွေပေါ့။ ဆိုတော့ ပြောချင်တာက ၂ဝ၂၂ မှာ အဲလိုဖြစ်နေတဲ့စပ်ကြားမှာပဲ
လူသားချင်းစာနာမှုဆိုတာလုပ်ကြတဲ့အတွက် လမ်းပွင့်သွားတယ်ပေါ့။
ဒါဟာ ရခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ လွန်ဆွဲကြတယ်ပေါ့။
ချိန်ခွင်ချာအား လွန်ဆွဲတဲ့ပဲလို့ မြင်တွေ့လိုက်ရပါတယ်။
(ပြီး)