Preview

လာမည့်စစ်ကောင်စီရွေးကောက်ပွဲ ALD ပါတီ ဝင်ပြိုင်မည်မဟုတ်ဟုဆို

ဒီဇင်ဘာ ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :4863
ရခိုင် သတင်း

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/၂၀၂၂

စစ်ကောင်စီက ပြုလုပ်မည့် လာမည့် ရွေးကောက်ပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( Arakan League for Democracy/ ALD ) မှ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒါက ပါတီက ချမှတ်ထားတဲ့မူပါ။ ဘယ်စစ်အာဏာရှင်နဲ့မှ မပူးပေါင်းဆိုတဲ့မူကိုချထားတော့ ဘယ်စစ်အာဏာရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို မဆို ဝင်ပြိုင်စရာမရှိပါဟု ပါတီပြောခွင့်၇သူ ဦးမြတ်ထွန်းက ပြောသည်။

 စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် PRစနစ်ဖြင့် ရွေးကောက်ပွဲ တစ်ခုကို ပြုလုပ်သွားရန် စီစဉ်နေသည်။ ရခိုင်တွင် ဇန်နဝါရီ၉ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို ကောက်ယူသွားမည်ဟု ပြည်နယ်အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။

 အဆိုပါ စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ထဲကနိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် ALD ကို မေးမြန်းစဉ် ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခြင်းဖြစ်သည်။

ALD ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က တစ်စုံတစ်ရာ ထုတ်ဖော်ကျေညာခြင်းမရှိသေးသဖြင့်တစ်စုံတစ်ခု မှတ်ချက်ချပြောကြားရန် စောလွန်းနေသေးသည်ဟု ပြောကြားသည်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျင်းပမယ်။ မကျင်းပဘူးဆိုတာရော အချိန်တို့၊ နေရက်တို့ကိုရော ဘာမှ ထုတ်ပြန်ထားတာမရှိသေးဘူး။ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ စောလွန်နေသေးတယ်။ ဒါပေမယ့် ပါတီမှာကစစ်အာဏာရှင်နဲ့ မပူးပေါင်းဘူးဆိုတဲ့ မူချထားတော့ ဒီအပေါ်မှာ ပါတီပြောရေးဆိုခွင့်ရှိသူပြောတယ်ထင်ပါတယ်ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီသည် သူတို့ လုပ်ငန်းစဉ် ၅ရပ်၏ နောက်ဆုံး လုပ်ငန်းစဉ်တွင် အထွေထွေရွေးကောက်ပွဲကိုကျင်းပသွားရန်ဟု ပါရှိပြီး ၎င်းရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု (PR)စနစ်ကျင့်သုံးကာ လာမည့်နှစ်၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပရန်စီစဉ်လျက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

  ထိုရွေးကောက်ပွဲသို့၇ခိုင်မှ အင်အားကြီးပါတီများဖြစ်သော၇ခိုင်အမျိုးသားပါတီ(ANP) ၇ခိုင့်ဦးဆောင်ပါတီ(AFP)နှင့်၇ခိုင်မျိုးနွယ်စုဝင် ပါတီငယ်များအနေဖြင့် ဝင်ပြိုင်/မပြိုင်ဆိုသည်ကိုတစ်စုံတစ်၇ာ ထုတ်ပြန်ပြောဆိုမှု မရှိသေးဟုသိ၇သည်။

သို့သော်စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ရခိုင်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့်ထိုရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိနေပြီဟု သတင်းများထွက်ပေါ်နေသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အနေဖြင့်ဆိုလျှင်လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်လည်းသွားရောက်တွေ့ဆုံဆွေးနွေးခြင်းမျိုးမရှိသလို ပါတီခေါင်းဆောင်များ အကြားတွင်လည်းပြောဆိုဆွေးနွေးမှုတစ်စုံတစ်ရာမရှိသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အစီအစဉ်မရှိဟု  ဦးမြတ်ထွန်းက ဆက်ပြောသည်။

ALD ပါတီကို ၁၉၈၈ခုနှစ်နောက်ပိုင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၁ နေရာအနိုင်ရရှိခဲ့ကာ ယင်းအချိန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတိယ မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ ၂၀၁၂ ခုနှစ်တွင် ပါတီအားတရားဝင်မှတ်ပုံတင်ခဲ့သည်။

ALD သည် ၂၀၁၃ ခုနှစ်တွင်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)နှင့် ပေါင်းစည်းခဲ့ပြီးနောက်၂၀၁၅ ရွေးကောက်ပွဲကို ၇ခိုင်အမျိုးသားပါတီ(ANP)အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ နေရာအများအပြား အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၇ခုနှစ်တွင် ANP မှ ပြန်လည်ခွဲထွက်ကာယခင်အမည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)အမည်ဖြင့် တတိယအကြိမ်မှတ်ပုံတင်ခဲ့ပြီးပြန်လည်ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တစ်ခုလုံးနှင့် ကျောက်ဖြူ၊မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင်ကိုယ်စားလှယ်လောင်း ၂၆ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်းအနိုင်ရရှိခဲ့ခြင်းမရှိခဲ့ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.