အားလုံးသာလီစွပါ.....။
နှစ်သစ်ကာလ နိရဉ္စရာစာဖတ်ပရိတ်သတ်များအားလုံး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ လိုရာဆန္ဒ ပြည့်စုံကြစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
၂၀၂၂ ခုနှစ်ဟာ နိရဉ္စရာသတင်းဌာနအတွက် စိန်ခေါ်မှုတွေအများအပြားနဲ့ကြုံတွေ့ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ သတင်းဌာနရဲ့ တာဝန်ရှိသူတွေကို စစ်ကောင်စီက ကြီးလေးတဲ့ပုဒ်မတချို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့သလို သတင်းဌာနရုံးကိုလည်းအလုပ်တွေ ဆက်မလုပ်နိုင်အောင် ဝင်ရောက်ရှာဖွေ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခက်အခဲကြားထဲက နိရဉ္စရာသတင်းဌာနဟာ စာဖတ်ပရိသတ်တွေ သိသင့်သိထိုက်တဲ့၇ခိုင်ပြည်နယ်အတွင်းက သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ နေ့စဉ် ထုတ်လုပ်တင်ပြနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လက်ရှိစစ်ကောင်စီတပ်ရဲ့ ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားသဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊လူ့ဂုဏ်သိက္ခာကို ထိပါးတဲ့ စော်ကားမှုတွေကို ရေးသားဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။
ဒီလာမယ့် ၂၀၂၃ ခုနှစ်ဟာလည်း နိရဉ္စရာသတင်းဌာနအတွက် စိန်ခေါ်မှုတွေအများအပြားနဲ့ ရင်ဆိုင်ရအုံးမှာဖြစ်သလို အခက်အခဲတွေ ဆက်လက်ရှိနေအုံးမှာလည်း ဖြစ်ပါတယ်။လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဝေပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ချိပိုင်ခွင့်တွေဟာလည်းဆက်လက်ဆုံးရှုံးနေအုံးမှာဖြစ်သလို သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ ရပ်တည်ရှင်သန်ရေးဟာလည်းဆက်လက်ခြိမ်းခြောက် ခံနေ၇အုံးမှာဖြစ်ပါတယ်။
ယခု ၂၀၂၃ ခုနှစ်မှာဆိုရင် နိရဉ္စရာသတင်းဌာနကို ဖွဲ့စည်းထူထောင်ခဲ့တာဟာနှစ်ပေါင်း (၂၂) နှစ်ထဲသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ၂၂ နှစ်ကာလအတွင်းမှာခက်ခဲတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်အခက်အခဲတွေကို ကျော်လွှားရင်း နိရဉ္စရာသတင်းဌာနဟာအတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ပြီး ရခိုင်ပြည်တွင်းက သတင်းတွေကို ရခိုင်ပြည်သူတွေနဲ့မြန်မာတိုင်းရင်းသား ပြည်သူတွေဆီကို အရောက်တင်ပြနိုင်ခဲ့ပါတယ်။
မည်သို့ပင် အခက်အခဲတွေ ကြုံတွေ့ပါစေ ယခု ၂၀၂၃ နှစ်မှာလည်းနိရဉ္စရာဟာ ရခိုင်ကသတင်းတွေကို ခါတိုင်းနှစ်တွေကထက် ကဏ္ဍစုံကနေ ကြိုးစားအားထုတ်တင်ပြရန်စိတ်သံဓိဌာန်ချထားပြီး လွတ်လပ်တဲ့သတင်းဌာတစ်ခု အဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်းအသိပေးပါတယ်။
၂၀၂၃ နှစ်သစ်မှာ နိရဉ္စရာ စာဖတ်ပရိသတ်များလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ တန်းတူညီမျှ ပျော်ရွှင်စွာနေထိုင်နိုင်တဲ့ အသိုင်းအဝန်းတစ်ခုအောက်မှာ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က တိုးတက်အောင်မြင်ကြစေဖို့ဆန္ဒပြုဆုတောင်းအပ်ပါတယ်။
(၁ ဇန်နဝါရီ ၂၀၂၃)