Breaking News
နိရဉ္စရာ၊ဇန်နဝါရီ ၄/၂၀၂၃
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ဆီတန်းနားတွင်ယနေ့နံနက် ရ နာရီကျော်ခန့်က အိမ်စီးကားတစ်စီးပေါ်၌ အမျိုးသားသုံးဦးကိုသေနတ်ဒဏ်ရာနှင့်သေဆုံးလျက်တွေ့ရကြောင်းသတင်းရရှိသည်။
အဆိုပါကားကိုစစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းနား ငါးစိုင်းရိုင်းကျောင်းရှေ့နားနံရံတွင် ထိုးရပ်နေ၍ကားမတော်တဆဖြစ်သည်ဟုထင်၍လူမှုကူညီရေးအသင်းများထံသို့ အနီးအနားရှိ ဒေသခံများမှ ဖုန်းဆက်သတင်းပေးလာသဖြင့် သွားရောက်ကြည့်ရှုစဉ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့၇သည်ဟု မျက်မြင် တစ်ဦးက ပြောဆိုသည်။
သေနတ်ဒဏ်ရာနှင့်သေဆုံးနေကြသည့် ဒေသခံသုံးဦးသည် အသက် သုံးဆယ်ကျော်ဝန်းကျင်နှစ်ဦးနှင့် နှစ်ဆယ်ကျော်ဝန်းကျင်တစ်ဦးဖြစ်ပြီးမည်သူမည်ဝါဖြစ်ကြောင်းကို အတိအကျ စုံစမ်းနေဆဲဖြစ်ကြောင်းအဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
"နဖူးမှာကျည်ပေါက်ဒဏ်ရာတွေရှိပါတယ်။အခြားဒဏ်ရာတွေတော့မရှိဘူး။ အက်ဆီးဒန့် ဖြစ်တယ်ဆိုပြီးခေါ်လို့သွားကြည့်ခဲ့တာပါ။ ကားကလမ်းဘေးကမြောင်းမှာဆင်းနေပါတယ်။နံရံမှာမကျတကျ။ ဘယ်အဖွဲ့ကဘယ်လိုပစ်သွားလဲကျနော်တို့လည်းမသိပါဘူး"ဟုပြောသည်။
လက်ရှိတွင်အဆိုပါသေနတ်ဒဏ်ရာနှင့်သေဆုံးနေသည့် အလောင်းများကို စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်လိုက်ကြောင်းသိ၇သည်။
(NN-8)