တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် ရေငံပုစွန်သားပေါက် ရှားပါးမှုကြောင့် ပုစွန်မွေးမြူရေသမားများ အခက်ခဲကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဇန်နဝါရီ ၆/၂၀၂၃

 

ရခိုင်တွင် ရေငံပုစွန်သားပေါက် ရှားပါးမှုကြောင့် ယခုနှစ်ရာသီအတွင်း ပုစွန်မွေးမြူရေသမားများ အခက်အခဲ ကြုံနေရကြောင်း သတင်းရရှိသည်။ 

 ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ရေငံပုစွန်သားပေါက်ကာလအတွင်း ရေငံပုစွန်မွေးမြူရေးကိုအဓိက လုပ်ကိုင်သည့် ရခိုင်တွင်  သဘာဝအရ ပုစွန်ရှားပါးလာမှုနှင့် သားပေါက်ရှာဖွေရောင်းချမည့် အလုပ်သမားမရှိသည့် အခက်အခဲတို့ကြောင့်  ပုစွန်သားပေါက်များဝယ်ယူမရသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း  ငါး၊ ပုစွန်မွေးမြူသူများက ပြောသည်။ 

ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာမှ ကိုမောင်မြင့်အေးက "ဒီနှစ်ကတော့ အဆင်သိပ်ပြေမှာ မဟုတ်ဘူး။ ဘာလို့ဆို သားပေါက်တွေက ရှာမရဘူး။ သဘာဝကလည်းရှားပါးတယ်။ နောက်ပြီး အလုပ်သမားတွေလည်းမရှိဘူး။ သားပေါက်ရှာရောင်းသူတွေလည်း မရှိကြလို့လေ" ဟု ပြောသည်။ 

လက်ရှိရခိုင်တွင် ရခိုင်ဒေသထွက်ရေငံပုစွန်မျိုးစိတ်ကသာ အဓိကမွေးမြူဖြစ်ထွန်းသည့်အတွက် ထိုင်းနိုင်ငံနှင့် ပြည်မဘက်ကမျိုးများဝယ်ယူရရှိသော်လည်း ဖြစ်ထွန်းမှုနည်းပြီး ဆုံးရှုံးမှုများသောကြောင့် ပုစွန်မွေးမြူရေးလုပ်ကိုင်သူများမှာ အခက်ကြုံနေကြရခြင်း ဖြစ်ကြောင်း မွေးမြူရေးလုပ်ကိုင်သူများက ပြောသည်။

ရခိုင်မျိုးစိတ်ပုစွန်သားပေါက်ရှားပါးမှုကြောင့်  ယခုနှစ် ပုစွန်အထွက်နှုန်း ကျဆင်းနိုင်သလို မွေးမြူရေး လုပ်ကိုင်သူများမှာလည်း စီးပွားရေးအရ ထိခိုက်မှုရှိနိုင်သည်ဟု မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်ကျေးရွာသားတစ်ဦးက ပြောသည်။ 

 "ထိုင်းမျိုးစိတ် နဲ့ ပြည်မဘက်က မျိုးစိတ်တွေ သုံးဖူးတယ်။ ဒီနေရာနဲ့က မလိုက်ဖက်ဘူးထင်တယ်။ မအောင်မြင်ဘူး။ ရခိုင်ကမျိုးကပဲ ရခိုင်မှာအောင်မြင်တယ်။ အခုက မျိုးရှာမရဘူး။ ရှာမရတဲ့ အခါကျတော့ အရင်လိုလည်း အင်တိုက်အားတိုက်မလုပ်နိုင်ဘူးပေါ့။ ဆိုတော့အထွက်နှုန်းတွေပါ ကျရင် စီးပွားရေးပါ ထိမှာပဲ" ဟု ပြောသည်။ 

 ရခိုင်ပြည်နယ်အတွင်းတွင် ရေငံပုစွန်သားဖောက်လုပ်ငန်းများကို ကျောက်ဖြူမြို့နယ် စေတီယျစခန်း၊ ပေါက်တောမြို့နယ် စိုးမဲကျီစခန်း၊ စစ်တွေမြို့နယ် ရေချမ်းပြင်စခန်းတို့တွင် လုပ်ကိုင်လျက်ရှိသော်လည်း  ဒေသဝယ်လိုအားကို ပြည့်မီအောင်မထုတ်လုပ်နိုင်သေးကြောင်း သားပေါက်အများဆုံးထုတ်လုပ်ရောင်းချသည့် ကျောက်ဖြူမြို့နယ်၊ စေတီယျပုစွန်သားပေါက်စခန်း တာဝန်ခံ ဦးရွှေကျော်အောင်က နိရဉ္စရာသို့ပြောသည်။

 "ကျနော်တို့ဒေသမှာက စခန်းတွေကထုတ်လုပ်မှုနဲ့ ပုစွန်မွေးပြည်သူတွေရဲ့ လိုအပ်ချက်ကမမျှသေးဘူး။ ဌာနက စခန်း(၃) ခုကလည်း ဒေသရဲ့လိုအပ်ချက်ကို ပြည့်မီအောင်တော့ကြိုးစားနေပါတယ်။ နည်းပညာ အခက်အခဲတွေတော့ ရှိသေးတယ်" ဟု ပြောသည်။ 

 ရေငံပုစွန်သားဖောက်ကာလမှာ အောက်တိုဘာလမှ  မတ်လအထိဖြစ်ပြီး ရခိုင်မှထွက်ရှိသည့် ပုစွန်သားပေါက်များကို ရခိုင်ပြည်တွင်းနှင့် ပြည်မကို တင်သွင်း ရောင်းချလျက်ရှိသည်ဟု သူက ဆက်ပြောသည်။ 

 ရခိုင်တွင် ပေါက်တော၊ မင်းပြား၊ မြေပုံ နှင့် ကျောက်ဖြူမြို့နယ်တို့က ပုစွန်သားပေါက် ဝယ်ယူမှုအများဆုံး ဖြစ်ကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ