Preview

လုပ်ကြံခံလိုက်၇သည့် ALP/ALA မှ စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့ကို မီးသင်္ဂြိုလ်

ဇန်နဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :5087
ရခိုင် သတင်း

အရိုးပြာကိုနောင်လာနောက်သားများအစဉ်အမှတ်ရနိုင်စေရန် ကျောက်တိုင် (သို့မဟုတ်) ကျောက်ရုပ်များစိုက်ထူသွားမည်ဟုဆို

နိရဥ္စရာ၊ဇန်နဝါရီ ၈ / ၂၀၂၃

စစ်တွေမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက လုပ်ကြံခံလိုက်ရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှစစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦးတို့၏ ရုပ်အလောင်းများကိုယနေ့တွင် မီးသဂြိုလ်ခဲ့ပြီးသူတို့၏ အရိုးပြာများကို နောင်လာနောက်သားများ အစဉ်အမှတ်ရနိုင်စေရန် ကျောက်တိုင် (သို့မဟုတ်)ကျောက်ရုပ်များ စိုက်ထူပြုလုပ်သွားမည်ဟု ရခိုင်ပြည်လွတ်မြောက်ရေး ပါတီကသတင်းထုတ်ပြန်သည်။   

လုပ်ကြံခံလိုက်၇သူ ၃ဦးမှာ ALP/ALA မှစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ (၅၃)နှစ်၊ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး (၃၄)နှစ်နှင့် ဗိုလ်ကြီး ကျော်မင်းစိုး(ခ)ခိုင်သူရိန္ဒ(၃၁)နှစ်တို့ ရုပ်အလောင်းများကို ယနေ့ဇန်နဝါရီလ ၈ ရက်၊ နေ့လယ် ၁ နာရီတွင် စစ်တွေသုသာန်၌ သင်္ဂြိုလ်ခဲ့သည်ဟ သိ၇သည်။

နေ့နံနက်မှစတင်ကာသုသာန်သို့သွားရာလမ်းတစ်လျှောက်ရှိ လမ်းဆုံလမ်းခွများတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအင်အားအများအပြားချ၍ လုံခြုံရေးအထူးတင်းကျပ်ထားခဲ့ကြောင်း မျက်မြင်များကပြောသည်။

မျက်မြင်မြို့ခံတစ်ဦးကသုသာန်အဝင်နားကမီးစက်လမ်းဆုံတို့မှာဆိုရင် စစ်သားတွေနဲ့ ရဲတွေ ကားတွေနဲ့ ရှိတယ်။ ပြီးတော့သုသာန်အဝင်လမ်းနားနဲ့ သုသာန်သို့တောက်လျှောက်မှာ စစ်သားတွေကင်းပုန်းဝပ်လို့ရှိတယ်။ လုံခြုံရေးကတော့ တင်းကျပ်ထားတယ်ဟု ပြောသည်။

ရုပ်အလောင်းများကိုဇန်နဝါရီလ ၅ ရက်မှစတင်ကာစစ်တွေဆေးရုံကြီးမှ စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်(ခေါ်) နာဇီရွာကုန်းရှိALP ရုံးသို့သယ်ဆောင်ကာအအေးခန်းဖြင့် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟုသိ၇သည်။

ယနေ့တွင်ALP ရုံးမှတဆင့်စစ်တွေသုသာန်သို့ပို့ဆောင် သင်္ဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ALP ရုံးမှ သုသာန်အထိလုံခြုံရေးအထူးတင်းကျပ်ထားခဲ့ကြောင်း ယနေ့နာရေးသို့ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း တက်ရောက်ခဲ့ကြောင်း ျက်မြင်များကပြောသည်။

လုပ်ကြံခံလိုက်၇သူ ၃ဦးသည် ဇန်နဝါရီလ ၄ ရက်၊ နံနက် ရ နာရီကျော်တွင် စစ်တွေမြို့၊ ဝေသာလီ အားကစားကွင်း၌ပြည်နယ်အစိုးရကဦးဆောင်ကျင်းပသော (၇၅)နှစ်မြောက် စိန်၇တု လွတ်လပ်ရေးနေ့အခမ်းအနားသို့တက်ရောက်အပြီး အိမ်စီးကားတစ်စီးဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက်ရှိဆီတန်းအနီး၌ အမည်မသိလက်နက်ကိုင်အချို့ကသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။

ယခုလုပ်ကြံခံလိုက်၇သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ALP/ALA တပ်ဖွဲ့ဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသည်ဟုလည်း ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များ အစည်းအရုံးနှင့်၇ခိုင်ပြည်အမျိုးသားကောင်စီတို့က ယနေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာအသီးသီးပေးပို့ထားကြသည်။

သူတို့ ၃ဦး၏အရိုးပြာများကို ပါတီက တရိုတသေသိမ်းဆည်းပြီး အာဇာနည် (၃)ဦးအဖြစ်မှတ်တမ်းတင်ကြောင်း၊  နောင်လာနောက်သားများ အစဉ်အမှတ်ရစေနိုင်ရန်အတွက် အထိမ်းအမှတ်ကျောက်တိုင်(သို့မဟုတ်)ကျောက်ရုပ်များစိုက်ထူပြုလုပ်သွားမည်ဖြစ်ကြောင်း  ALP/ALA က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

 ဓာတ်ပုံ- ALP/ALA

#ALP
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.