နိရဉ္စရာ၊ ဇန်နဝါရီ ၉/ ၂၀၂၃
စစ်ကောင်စီက ယခုနှစ်သြဂုတ်လတွင်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် မောင်တောမြို့နယ်မှ ကျေးရွာတစ်ချို့တွင် ယနေ့မှ စတင်ကာ လူဦးရေစာရင်းကောက်ခံနေပြီ ဖြစ်ကြောင်းသိရှိ၇သည်။
“ ဒီမှာတော့ ကောက်နေကြပြီ၊မူဆလင် ကျေးရွာတွေကိုလည်းကောက်တယ်။မဲစာရင်းအတွက်လို့ပြောတယ်။ အိမ်ထောင်စုစာရင်းနဲ့ ကောက်တာပါ” ဟုအောင်ဗလ ကျေးရွာသား တစ်ဦးကပြောသည်။
အလားတူမောင်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး
“ ဟုတ်ပါတယ်။ ဒီဘက်မှာကောက်နေပါတယ်။ အထွေထွေအုပ်ချုပ်ရေးဌာနက လူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးက ကောက်နေတာပါ” ဟု ၎င်းက ပြောသည်။
မောင်တောမြို့ပေါ်တွင်လည်းလူဦးရေစာရင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကောက်ခံမည်ဟုကြေငြာခဲ့သော်လည်း လက်ရှိအချိန်အထိ ကောက်ခံမှု မရှိသေးကြောင်း မြေင်တောမြို့ခံတစ်ဦးက ပြောသည်။
မင်းပြားမြို့တွင်စစ်တပ်က စာရင်းကောက်ယူရန်အထွေထွေအုပ်ချုပ်ရေးဌာနကို ပြောဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်းကောက်ယူမှု မရှိသေးကြောင်း မင်းပြားဒေသခံ တစ်ဦးကပြောသည်။
“မြို့ထဲမှာတော့စစ်တပ်က ကောက်ခိုင်းနေတယ်လို့ပြောနေကြတာရှိတယ်။ ရွာတွေဘက်မှာတော့ ကောက်တာ မရှိသေးဘူး။ အုပ်ချုပ်ရေးမှူးကလည်းအဲဒီအကြောင်း ရွာသားတွေကို တခုမှမပြောသေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်တစ်ခုလုံးလူဦးရေစာရင်းကို အိမ်ထောင်စုစာရင်းနှင့် အိမ်တိုင်ယာရောက် ကောက်ယူရန်လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိဦးဥတ္တမခန်းမတွင် လူပေါင်း ၁၀၉ ဦးကို တရက်ကြာ သင်တန်းပေးခဲ့ သည်။
လူပေါင်း ၆၀၀၀ကျော်ကို အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့ပြီး ရခိုင်ပြည်ရှိ မြို့နယ်အားလုံးနှင့်ပလက်၀မြို့နယ်တို့တွင် တစ်ပြိုင်တည်း လူဦးရေစာရင်းကို ဇန်နဝါရီလ ၉ရက်နေ့တွင်ကောက်ယူမည်ဟု ၇ခိုင်ပြည်နယ်ကောင်စီ အဖွဲ့ ဝင် ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကလည်း သူ့လူမှုကွန်ယက်စာမျက်နှာတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ကရေးသားခဲ့သည်။
အလားတူမြောက်ဦးမြို့နယ်က ကျေးရွာများတွင်လည်း လူဦးရေစာရင်း ကောက်ယူမှုမရှိသေးကြောင်းဒေသခံတစ်ယောက်က ပြောသည်။
“ မရှိဘူး။ အဲဒီကြောင်းဘာမှလုပ်တာ မတွေ့၇သေးဘူး။ ကောက်၊ မကောက်ဆိုတာ ရွာကအုပ်ချုပ်ရေးမှူး ဘဲသိမယ်။ အနီးအနားက ရွာတွေမှာလည်း ကောက်တယ်လို့တော့ မကြားမိဘူး” ဟုဆိုသည်။
ကျောက်တော်မြို့နယ်ဘက်တွင်လည်းစာရင်းကောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကောက်ခံမှု မရှိသေးကြောင်း ဒေသခံများကပြောသည်။