ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင်နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်အနက်၂ဝကျော်က ဆက်လက်တာဝန်မထမ်းဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၁/၂ဝ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တာဝန်မှ နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်အနက် ၂ဝ ကျော်က လုံးဝ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ စာပေးပို့ အကြောင်းကြားထားသည်ဟု သိရသည်။
အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ၂ဝ ကျော်သည် သ ချုပ်ရေးမှူးတာဝန်များကို လုံးဝ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ဟုဆိုကာ  ပြီးခဲ့သည့်ရက်ပိုင်းက စာပေးပို့ အကြောင်း ပြန်လိုက်ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။
အဓိကတော့ သူတို့က ကျန်းမာရေးအခြေအနေကြောင့်၊ နေမကောင်းတဲ့အတွက် လုံးဝ ဆက်မလုပ်ချင်တော့ဘူးလို့ ပြောလိုက်ပါတယ်ဟု ပြောသည်။
ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နုတ်ထွက်ထားကြသည့်ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း ၉ဝ ကျော်ကို တာဝန်ပြန်လည်ထမ်းဆောင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် ခေါ်ယူတိုက်တွန်းခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ဝ ကျော်က လုံးဝ ဆက်လက်မလုပ်လိုတော့ကြောင်း ယခုကဲ့သို့ အကြောင်း ပြန်ကြားခဲ့ခြင်းဖြစ်သည်။

ကျန်အုပ်ချုပ်ရေးမှူး ၅ဝ ကျော်အထဲမှ တချို့လည်း ပြန်လည်တာဝန်ပြန်လည်ထမ်းဆောင်နေကြပြီဟုလည်း ဒေသခံများက ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ နုတ်ထွက်ခဲ့ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးသည်လည်း ULA/AA ၏ တိုက်တွန်းချက်အရ ပြန်လည်တာဝန်ထမ်းဆောင်နေကြပြီဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သူတို့တွေထွက်တယ်ဆိုရင် ဘာတွေအခက်အခဲရှိလာလဲဆိုတော့ ရပ်ရွာတွေမှာ ခရီးသွားလာခွင့်တွေ၊ မှတ်ပုံတင် လုပ်တာတွေ အဲလိုအခက်အခဲတွေရှိတယ်။ လဝကရုံးတို့ကဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာမပါရင် လုပ်လို့မပေးဘူး။ အဲလိုအခက်အခဲတွေရှိသလို ကိုယ်ဝန်သည်တွေအတွက်ထောက်ပံ့ကြေး၊ အသက်ကြီးပိုင်းတွေ အတွက်ထောက်ပံ့ကြေးတွေကို အုပ်ချုပ်ရေးမှူးလက်မှတ်မပါရင် ထုတ်မပေးဘူးလေ။ ဒေသတွေမှာ အဲလိုအခက်အခဲတွေရှိလာတော့ ULA/AA ကလည်း ပြန်လုပ်ကြဖို့တိုက်တွန်းသလို ဒေသခံတွေကလည်း လုပ်ခိုင်းကြတဲ့အတွက် အခုတော့ ရသေ့တောင်မြို့နယ်က နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး တာဝန်ပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တာဝန်ထမ်းဆောင်ရသည်မှာ လွတ်လပ်မှု မရှိတော့၍ဟုဆိုကာ ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်းကောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ထံ အသီးသီး နုတ်ထွက်စာတင်ခဲ့ကြခြင်းဖြစ်သည်
ယခင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရခိုင်တွင် စစ်တပ်နှင့် အေအေတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်ကလည်း မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင် စသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြားသည် နှစ်ဘက်တပ်အကြားတွင် တာဝန်ထမ်းဆောင်ရသည်မှာ အကျပ်အတည်းများဖြစ်ပေါ်၍ဟုဆိုကာ တာဝန်မှ နုတ်ထွက်စာတင်၍ နုတ်ထွက်ခဲ့ကြဖူးသည်။

ဆက်စပ် သတင်းများ