တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

ပလက်၀တွင်စစ်ကောင်စီတပ်က ရိက္ခာဖြည့်တင်းရာ၌ စစ်ဘေးရှောင်များ၏လုပ်အားကို ဖိအားပေးအသုံးပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၃

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို စစ်တပ်အတွက် ရိက္ခာများဖြည့်တင်းရာတွင် ငွေအနည်းငယ်ပေးပြီး ဖိအားပေးစေခိုင်းမှုများ ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောကြားသည်။

ဘယ်သူမှ မသွားချင်ကြဘူး။ ဒါပေမယ့် အတင်းဖိအားပေးတော့လည်း မဖြစ်သာလို့ သွားနေကြရတယ်။  မသယ်ရင် ဖမ်းတာဆီးတာ၊ နှိပ်စက်တာတွေ လုပ်မလားလို့လည်း တစ်ဖက်မှာစိုးရိမ်ရတယ်။ ရိက္ခာတွေဖြစ်မှာလည်း ကြောက်ရတယ်။ အမျိုးသားရော၊ အမျိုးသမီးရော သွားသယ်ပေးနေကြရတာပါဟု အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိ ပလက်၀မြို့နယ်ရှိ တပ်စခန်းများတွင် ရိက္ခာများစုဆောင်းနေရာ လက်ရှိ ဆန်များကို ပလက်၀ကနေ အဘောင်သားကျေးရွာထိ ကားဖြင့် ပို့ဆောင်ပြီး အဘောင်သားရွာကနေ ဆူးပုတ်တောင်အနားလောက်ထိ စစ်ဘေးရှောင်များ ထမ်းပိုး သယ်ယူပို့ဆောင်ကြရသည်ဟု ဆိုသည်။

   ကျွန်တော်တို့ကို ဆန်သယ်ရတာက  အဘောင်သားကျေးရွာမှ တဆင့် ခဝဲဘက်ရွာအကျော် ဆူးပုတ်တောင်အနီးကို သယ်ပေးရတယ်။  ၃ မိုင်လောက် အကွာအဝေးပါ။ န်နှစ်တောင်းတစ်အိတ်ကို တစ်ယောက်စီသယ်ရတယ်။ သူတို့ပေးတာက  တစ်ယောက်ကို ငွေကျပ် ၇၀၀၀ စီပေးပြီး မော်တော်ဆိုင်ကယ်နဲ့ သယ်ပို့သူတွေကိုတော့ စက်သုံးဆီခ ငွေကျပ် ၁၀၀၀၀ ပေးပါတယ်ဟု ပြောသည်။

ဆန်ပို့ဆောင်ရာတွင် ပါဝင်သူ အမျိုးသမီးတစ်ဦးက စစ်တပ်ဆန်သယ်ရာမှာ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတွေရော၊ အမျိုးသမီးများလည်းပါဝင်ကြပါတယ်။ မနေ့က အတင်းဖိအားပေးတဲ့ အတွက် မသွားချင်ပေမယ့် သွားခဲ့ရပါတယ်။  တချို့ အမျိုးသမီးတွေဆိုရင် ပင်ပန်းပြီး မျက်ရည် ကျတာတွေလည်း ရှိပါတယ်ဟု ပြောဆိုသည်။  

ထိုသို့ ဆန်သယ်ယူရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က စစ်ဘေးရှောင်စခန်းများရှိ တာဝန်ခံများကို ပလက်ဝမြို့ ထွေအုပ်ရုံးသို့ ခေါ်ယူပြီး စစ်တပ်ဆန်ရိက္ခာများကို သယ်ယူရန်အတွက် စစ်ရှောင်စခန်း တစ်ခုစီမှ စစ်ဘေးရှောင် ဦးစီ ထုတ်ပေးရန်ပြောကြားခဲ့ပြီးနောက် ယခုလို စစ်တပ်ရိက္ခာများကို သယ်ဆောင်နေရသည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပလက်၀မြို့နေ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက  "အတင်းခိုင်းတာတော့ မဟုတ်ပါဘူး။ သယ်ခ ပိုက်ဆံလည်း ပေးတယ်။ နည်းတော့ နည်းပါတယ်။  ဘယ်နယောက် ကန့်သတ်ချက်နဲ့တော့မဟုတ်ဘူး။ စခန်းခေါင်းဆောင်တွေကို ထွေအုပ်က ခေါ်ပြီး ပြောထားတော့လည်း သဘောမတူလို့ ဘယ်သူ ပြောရဲမလဲ" ဟု ပြောသည်။

အဆိုပါ စစ်တပ်ဆန်ရိက္ခာသည် အဘောင်သားကျေးရွာမှာ ဂိုဒေါင်နှစ်ခုတွင် အပြည့်ရှိပြီး ထိုဆန်အိတ်များအားလုံးကို ဆူးပုတ်တောင်အနီးသို့ စစ်ဘေးရှောင်များမှ ပို့ပေးရကြောင်း ထိုနေရာထက် ကျော်လွန်ပြီး သွားခွင့်မပြုကြောင်း စစ်ဘေးရှောင်များကပြောသည်။

လက်ရှိ စစ်ဘေးရှောင်များ ဆန်သယ်ပို့နေရာသည့်လမ်းတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပလက်ဝမြို့ပေါ်တွင် လက်ရှိ အချိန်ထိလည်း စစ်ဘေးရှောင်စခန်းငါးခုရှိကာ စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ခိုလှုံနေကြကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက အဘောင်သားကျေးရွာမှ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးရှောင် လာကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ဖိအားပေးကာ နေရပ်သို့ပြန်ခိုင်းခဲ့ကြောင်း သိရသည်။

 လက်ရှိ ရခိုင်နှင့်ချင်းပြည်နယ် ပလက်ဝအပါအဝင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ ယာယီအပစ်ရပ်ထားသော်လည်း မြန်မာစစ်တပ်မှ စစ်အင်အားဖြည့်ခြင်းနှင့် စားနပ်ရိက္ခာ ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ