အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

၂၀၂၂ ခုနှစ်အတွက် နှလုံးလှပရဟိတသမား ၃ဦးအားဂုဏ်ပြုပွဲအခမ်းနား ဇန်နဝါရီ ၁၂ရက်ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၁/၂၀၂၃

 

ရခိုင်ပြည်နယ်တွင် မိမိအသိစိတ်ဖြင့်တစ်ကိုယ်တော် ပရဟိတပြုလုပ်နေသည့် နှလုံးလှပရဟိတသမား ၃ ဦးအား ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ပြုပွဲအခမ်းအနားတစ်ခုကျင်းပပေးသွားမည်ဟု သိရသည်။

အဆိုပါဂုဏ်ပြုပွဲအခမ်းအနားကို လာမည့်ဇန်နဝါရီလ ၁၂ရက်တွင် စစ်တွေမြို့  New World ခန်းမအတွင်း၌ ပြုလုပ်သွားမည်ဟု သိရသည်။

" ကျနော်တို့ မနက်ဖြန် ဇန်နဝါရီ ၁၂ရက်၊ New World ခန်းမအတွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်" ဟု ဆရာဝေဟင်အောင်က နိရဉ္စရာသတင်းဌာနကိုပြောသည်။

၎င်းတစ်ကိုယ်တော် ပရဟိတသမား ၃ ဦးမှာ  ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ ကုလားသိမ်းကျေးရွာမှ ကိုယ်ထူးကိုယ်ထ လမ်းဖောက်လုပ်နေသည့် အသက်(၇၇)နှစ်အရွယ် ဦးမောင်သာနီ၊ မြောက်ဦးမြို့ လက်ဆီးကန်နှင့် အနီးဝန်းကျင်တွင် မိမိအသိစိတ်ဖြင့် တစ်ကိုယ်တော် အမှိုက်ကောက်နေသည့် အသက်(၅၆)နှစ်အရွယ် ဦးခင်မောင်နှင့် တောင်ကုတ်မြို့ မြို့မအားကစားကွင်း အနီး၊ အားကစားရုံနောက်လမ်း၊ သိမ်တောင်ရပ်ကွက်မှ ကိုင်းရှည်တံတားထက်တွင် ကိုယ့်အသိစိတ်ဖြင့်ကိုယ် သန့်ရှင်းရေးလုပ်နေသည့် အသက်(၆၁)နှစ်အရွယ် ဦးစိုးမြင့် တို့ဖြစ်ကြသည်။

ယင်းဂုဏ်ပြုပွဲကို ပြုလုပ်ရခြင်းသည် ရည်ရွယ်ချက်၃ချက်ကြောင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆရာဝေဟင်အောင်က ပြောသည်။

"ရည်ရွယ်ချက် ၃ခုထားတယ်။ နံပတ်တစ်က  လူမသိ သူမသိဘဲ သူတို့စိတ်ထဲမှာ လုပ်သင့်လုပ်ထိုက်တယ်ထင်လို့ လုပ်နေကြတဲ့ သူတို့ရဲဂုဏ်တွေကို ဖော်ကျူးချင်တာလည်းပါတယ်။ နှစ်အချက်ကတော့ နောက်လူငယ်တွေပါ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိရင်တောင် ဒီလိုလူမှုရေး အလုပ်တွေကိုလုပ်လို့ရတယ်ဆိုတာကို သိစေချင်တဲ့ အမြင်တွေရှိစေချင်တာလည်း ပါတယ်။ နံပတ် သုံးကတော့  နောက်နောင်မှာလည်း ဒီလိုလူမျိုးတွေရှိရင် ဂုဏ်ပြုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် ၃ ချက်နဲ့လုပ်တာပါ" ဟု ပြောသည်။

ဂုဏ်ပြုပွဲခမ်းအနားပွဲကို စစ်တွေမြို့နှင့် တောင်ကုတ်မြို့တို့တွင်ပြုလုပ်သွားမည်ဟုလည်း သိရသည်။

အဆိုပါ ပရဟိတသမား ၃ဦး၏ မိမိအသိစိတ်ဖြင့်မိမိ ပရဟိတပြုလုပ်နေခြင်းသည် ရခိုင်လူမျိုးတို့အတွက် ဂုဏ်ယူအတု ယူစရာကောင်းသည်ဟု ဆရာဝေဟင်အောင်က ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါပရဟိတသမား ၃ဦးအတွက် ဂုဏ်ပြုပွဲကျင်းပနိုင်ရန်အတွက် ဆရာဝေဟင်အောင်ထံတွင် အလှူရှင်အသီးသီးက အလှူငွေများလှူဒါန်းလျှက်ရှိပြီး ဇန်နဝါရီလ ၁၂ရက်နေ့တွင် အဆိုပါနှလုံးလှပရဟိတသမား ၃ဦးအား ဂုဏ်ပြုပွဲပြုလုပ်ပေးသွားမည် ဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ