သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ရှိသည်ဟုဆိုကာ သံတွဲလေယာဉ်ကွင်းသွားလမ်းမကြီးဘေးမှ စျေးဆိုင်ခန်းများအဖျက်ခံရသဖြင့် စားဝတ်နေရေးထိခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.9k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂၀၂၃

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်ရှိသည်ဟုဆိုကာ သံတွဲမဇင် လေဆိပ်မှ ဂျိတ္တောရပ်ကွက်အထိ မင်းဘာကြီးလမ်းမကြီးဘေးတစ်လျှောက်ရှိ စျေးဆိုင်ခန်းများ အဖျက်ခံလိုက်ရသဖြင့် ဒေသခံ ဆိုင်ပိုင်ရှင်များမှာ ဝင်ငွေထိခိုက်ကာ ရပ်တည်ရှင်သန်ရေး အခက်အခဲဖြစ်နေကြရသည်ဟု   သိရသည်။

သံတွဲမြို့၊ မင်းဘာကြီးလမ်းမတစ်လျှောက်ရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် စသည့် စုစုပေါင်း စျေးဆိုင်ခန်း၂၀ ကျော် ခန့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်နှင့် ရဲတို့က ဇန်နဝါရီ ၁၀ ရက်နေ့က ရုတ်တရက် ာရောက်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သံတွဲမြို့ခံတစ်ဦး ပြောသည်။ 

"ရဲ၊ စည်ပင်နဲ့  အုပ်ချုပ်ရေးမှူးတို့ပါတယ်။ လမ်းမကြီးဘေးတစ်လျှောက်က ဆိုင်ခန်းတွေကို ဖျက်သွားတာ။ သူတို့ပြောတာတော့ လူကြီးခရီးစဉ်လည်းရှိတယ်။ စည်ပင်ဧရိယာ ကျူးကျော်လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျက်တယ်ပေါ့ ။ တစ်ဖက်က ရောင်းချစားသောက်နေရသူတွေမှာ ဒုက္ခဖြစ်ရပြီ" ဟု ပြောသည်။ 

အဆိုပါစျေးဆိုင်ခန်းများမှာ မဇင်ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ ငပလီရပ်ကွက်တို့တွင် တည်ရှိပြီး လက်ရှိ စည်ပင်သာယာ၏ နယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသည်ဟု ဆိုကာ ဇန်နဝါရီလ (၆)ရက်နေ့တွင် စည်ပင်က အမိန့်စာထုတ်ကာ သတိပေးခဲ့ပြီးနောက် လာရောက်ဖျက်ဆီးခဲ့ကြည်ဟု သိရသည်။ 

အဆိုပါ အမိန့်စာအရ ပွင့်လင်းရာသီရောက်ရှိလာ၍ သံတွဲမြို့ကို ဘုရားဖူးဧည်သည့်များ ၊အပန်းဖြေခရီး လာရောက်သူများ များပြားလျက်ရှိရာ မြို့သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရေးသားထားဟု သိရသည်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံတွဲခရီးစဉ်ရှိ၍ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းအရ ကြားသိရကြောင်း အမည်မဖော်လိုသည့် သံတွဲမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောသည် 

"စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်လာမယ်လို့ကြားတယ်။ အဲ့ဒီအတွက် ဖျက်ခိုင်းတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းကနေ ကြားသိနေရတယ်။ ထုံးစံအတိုင်း လူကြီးလာခါနီးရင် အတင်းသန့်ရှင်းရ၊ ရှင်းလင်းရတဲ့အနေအထားပေါ့။ ကြားက လက်လုပ်လက်စားအခြေခံလူတန်းစားတွေက ဓားစာခံဖြစ်သွားတာပေါ့လေ သူတို့အတွက် စားဝတ်နေရေး ထိခိုက်ကုန်တာပေါ့"ဟု ပြောသည်။

 စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ခရီးစဉ်အတွင်း သံတွဲအပြင် တခြားမြို့နယ်တချို့ကိုလည်း သွားရောက်ရန်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်ဟု သိရှိရသည်။(NN-7)

 (ဓာတ်ပုံ- လမ်းဘေးစျေးဆိုင်များကို ဖယ်ရှားပြီးနောက်မြင်ရသည့် မြင်ကွင်း)

ဆက်စပ် သတင်းများ