နိရဥ္စရာ၊ဇန်နဝါရီ ၁၃/၂၀၂၃
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ရှိ မြစ်မကြီးတွင် မျှောပိုက်ဧရိယာအတွင်း ကျူးကျော်လုပ်ကိုင်နေသည့်ကျားပါးစပ်ပိုက်ချသူများအနေဖြင့် ဇန်နဝါရီ ၂၀ ရက်နောက်ဆုံးထား၍နေရာမှဖယ်ရှားပေးရန် သက်ဆိုင်ရာက အမိန့်ထုတ်လိုက်ပြီဟု သိ၇သည်။
အဆိုပါကျူးကျော်လုပ်ကိုင်နေသည့်နေရာသို့ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်တွင် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်/မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများနှင့် မျှောပိုက်သမားတို့ပူးပေါင်းကာ သွားရောက် စစ်ဆေးခဲ့ကြသည်ဟုသိ၇သည်။
ယင်းသို့စစ်ဆေးအပြီးတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများကကျူးကျော်လုပ်ကိုင်နေသည့် ကျားပါးစပ်ပိုက်ချသူများအနေဖြင့်ဇန်နဝါရီ ၂၀ရက်နောက်ဆုံးထား၍ သူတို့၏ပိုက်များကိုဖြုတ်သိမ်း၍ နေရာမှဖယ်ရှားပေးရန်နှင့်လိုက်နာမှုမရှိပါက ဥပဒေအ၇ အရေးယူမည်ဟု ယင်းနေရာတွင်ပင်အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကွင်းဆင်းရာသို့လိုက်ပါခဲ့သည့်မျှောပိုက်သမား ကိုရဲထက်အောင်က နိရဥ္စရာကိုပြောသည်။
“သူတို့ကတော့ရှေ့လတစ်လလောက် သူတို့က တိုးပြီး လုပ်စားခွင့်ပေးပါဆိုပြီးတောင်းဆိုတယ်။ ဒါပေမဲ့ကျနော်တို့ဘက်ကလည်း မလိုက်လျောပေးနိုင်တော့ဘူး။ ဘာလို့ဆို အဲဒီနေရာမှာကျနော်တို့ မလုပ်စား၇ဘဲ ၃ လလောက်ရှိသွားပြီလေ။ ဒါကြောင့် ကျနော်တို့ဘက်ကမလိုက်လျောနိုင်တော့ဘူး။ နောက်တော့ ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ညှိပေးတယ်။ဇန်နဝါရီ ၂၀ ရက်နေ့ကို နောက်ဆုံး သတ်မှတ်ပေးလိုက်တယ်”ဟု ပြောသည်။
နောက်နောင်များတွင်လည်း ယခုနေရာတွင်ဝင်ရောက်ကျူးကျော်လုပ်ကိုင်ပါက တရားဥပဒေအ၇ အရေးယူခြင်းခံရမည်ဖြစ်ပြီးဆက်လက် ကျူးကျော်မလုပ်ကိုင်တော့ပါကြောင်း ခံဝန်လက်မှတ်ထိုးခိုင်း၍ကျူးကျော်လုပ်ကိုင်သူတို့က ကြည်ဖြူစွာ လက်မှတ်ထိုးခဲ့ကြသည်ဟု ကိုရဲထက်အောင်ဆိုသည်။
“ကျနော်တို့ဘက်ကလည်းကျေနပ်ကြပါတယ်”ဟုပြောသည်။
ယင်းအပြင် မျှောပိုက်သမားများပြန်လည်လုပ်ကိုင်စဉ် ဖြုတ်သိမ်းခြင်းမရှိသည့် ကျားပါးစပ်ပိုက်များနှင့်ကပ်ငြိပျက်စီးပါက တန်ဖိုးအတိုင်းပေးလျော်ရန် ဆုံးဖြတ်မှုကိုနှစ်ဘက်လက်ခံခဲ့ကြသည်ဟုလည်း ဆိုသည်။
ကျောက်ဖြူမြို့ရှိ ကျားပါးစပ်ပိုက်(ဒေသအခေါ် အာထောက်ပိုက်)ဖြင့် ငါးဖမ်းသမားများအတွက် ကျောက်ဖြူမြစ်မကြီးအလယ်မှနေ၍ကျောက်ဖြူဘက်ခြမ်းကိုလည်းကောင်း၊ အခြားတစ်ဘက်ခြမ်းကိုမျှောပိုက်ဖြင့်ငါးဖမ်းသမားများအတွက်လည်းကောင်း ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှစတင်ကာ ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနအပါအဝင်ခရိုင်ထွေအုပ်တို့က စနစ်တကျသတ်မှတ်ပေးထားကြောင်း သိ၇သည်။
မျှောပိုက်သမားများငါးဖမ်းရန်သတ်မှတ်ထားသည့်နေရာတွင် ကျောက်ဖြူမြို့ပြင်ဖြူမော်ရပ်ကွက်၊ မဒေးကျွန်း၊ ပေါက်လယ်ချေ၊ သစ်ပုတ်တောင်နှင့်ကုန်ဘောင်စသည့်ကျေးရွာများမှ ဒေသခံငါးဖမ်းသမား အိမ်ထောင်စု ၅၀၀ခန့်က မျှောပိုက်များဖြင့် ငါးဖမ်းကြကြောင်း သိ၇သည်။
အလားတူကျားပါးစပ်ပိုက်များဖြင့် ငါးဖမ်းရန်သတ်မှတ်ထားသောနေရာတွင် ပြင်ဖြူမော်ရပ်ကွက်၊ကုလားပိုက်ဆိပ် (ခေါ်) မီးလောင်ကွင်းနှင့် စစ်တောစသည့်ကျေးရွာများမှဒေသခံငါးဖမ်းသမားအိမ်ထောင်စု ၁၀၀ ခန့်က ကျားပါးစပ်ပိုက်များဖြင့်ငါးဖမ်းကြကြောင်း သိ၇သည်။
သို့ရာတွင် ပြီးခဲ့သည့်အောက်တိုဘာလမှစတင်ကာ မျှောပိုက်သမားများနေရာသို့ ကျားပါးစပ်ပိုက်သမားလူဦးရေ ၃၀ ခန့်က ဝင်ရောက်ပြီး ကျူးကျော်ငါးဖမ်းနေကြ၍ မျှောပိုက်များဆုံးရှုံးကာငါးဖမ်းလုပ်ကိုင်၍မ၇ဖြစ်နေခဲ့ကြသည်ဟု မျှောပိုက်သမားများက ပြောသည်။
ယင်းကိစ္စကိုမျှောပိုက်သမားများက ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်/ခရိုင်ထွေအုပ်ဌာနသို့သွားရောက်တိုင်ကြားခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းတွင်သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် မဒေးကျွန်းအုပ်ချုပ်ရေးမှူးဦးသာဇံအောင်ကလည်း “အဲဒီနေ့ကဆုံးဖြတ်ချက်ကို နှစ်ဘက်စလုံးကလက်ခံတဲ့အတွက် အခုတော့ အားလုံး အေးအေးဆေးဆေးနဲ့ ပြေလည်သွားပါပြီ”ဟု ပြောသည်။
ဓာတ်ပုံ- ကျူးကျော်ငါးဖမ်းလုပ်ငန်းခွင်သို့ သက်ဆိုင်ရာကကွင်းဆင်းစစ်ဆေးခဲ့စဉ်