နိရဉ္စရာ၊ဇန်နဝါရီ ၁၃/၂၀၂၂
၇ခိုင်ပြည်နယ်သို့ ပြည်မဘက်က ဆေဝါးများတင်သွင်းခွင့်ကို ၇ခိုင်ပြည်နယ်စစ်ကောင်စီနယ်လုံဝန်ကြီး ခွင့်ပြုချက်ဖြင့် ပြန်လည်သယ်ယူခွင့်ပြုလိုက်ပြီဟု သတင်းရရှိသည်။
ယခင်က ၇ခိုင်သို့ဆေးဝါးတင်သွင်းခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားခဲ့ပြီး နှစ်ဖက်အပစ်ရပ်ပြီး လပိုင်းအကြာတွင် နယ်လုံဝန်ကြီးခွင့်ပြုချက်ဖြင့် သယ်ယူခွင့်ပြုပေးခဲ့ကြောင်း ဆေးဆိုင်ပိုင်ရှင် တစ်ဦးကပြောကြားသည်။
“ နယ်လုံခွင့်ပြုချက်နဲ့ဆိုတော့ ဆေးဝါးတွေကို လွတ်လွတ်လပ်လပ် တင်သွင်းလို့ မရတဲ့ အနေအထားဖြစ်ပါတယ်။ ဆေးဆိုင်တိုင်းကခွင့်ပြုချက်ရဖို့ မလွယ်ဘူး။ မြန်မာနိုင်ငံရဲ့ အနေအထားအရ ခွင့်ပြုချက်တောင်းရင်တော့အနည်းနဲ့ အများဆိုသလို အောက်ခြေဝန်ထမ်းတွေက အစ ပေးရကမ်းရတာတော့ ရှိမှာပေါ့။ အသိအကျွမ်းမရှိရင် နည်းနည်းခက်မယ်။သူတို့နဲ့ သိပြီး တောင်းနေကျလူဆိုရင်တော့ ပိုလွယ်လွယ်နဲ့ ၇မယ်” ဟု ပြောသည်။
သို့သော်လည်း ယခုကဲ့သို့ခွင့်ပြုလိုက်သဖြင့် လက်ရှိ၇ခိုင်မှာဆေးဝါးဈေးနူန်းများ အနည်းငယ်ပြန်ကျသွားပြီးပြည်သူလူထု အနေဖြင့်ယခင်ကထက် ဆေးဝါးသုံးစွဲရာတွင် ၆၀/၇၀ ရာခိုင်နှုန်းလောက်အဆင်ပြေလာသည်ဟု ၎င်းကပြောသည်။
"အယင်ကဆိုရင် ကားလမ်းမရတော့လေယာဉ်နဲ့ပဲသယ်ရတာ။ လေယာဉ်နဲ့ကစရိတ်ကများတယ်။ ကုမ္ပဏီတွေအနေနဲ့သယ်ယူ ပို့ဆောင်တဲ့ စရိတ်တတ်နိုင်ရင်တောင်မှလေယာဉ်မှာ ပစ္စည်းအများ မဆန့်ဘူးလေ။ အခုကားနဲ့ရတယ်ဆိုတော့တချို့ဆေးတွေဆိုရင် ဈေးနည်းနည်းကျသွားတာရှိတယ်” ဟုပြောသည်။
နယ်လုံဝန်ကြီးခွင့်ပြုချက်ဖြင့် ပြည်မဘက်မှ ဆေးဝါးများကို ၇ခိုင်သို့ ကားလမ်းများမှ တစ်ဆင့် သယ်ယူခွင့် ရရှိနေသည်မှာတစ်ပတ်ကျော်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် ၇ခိုင်က ဆေးကုမ္ပဏီအများစုအနေဖြင့် နယ်လုံဝန်ကြီးခွင့်ပြုချက်ရရန် ကြိုးစားဆောင်ရွက်နေကြသည်ဟု သိ၇သည်။
သို့ရာတွင်နယ်လုံဝန်ကြီးခွင့်ပြုချက်တစ်စောင်ရရန်မှာ ကြန့်ကြာမှုများရှိနေသဖြင့်တချို့ဆေးကုမ္ပဏီများအနေဖြင့် ကားလမ်းမှ မသယ်ယူဘဲ လေကြောင်းနှင့် တခြားနည်းလမ်းများဖြင့် သယ်ယူနေ၇ကြောင်းဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။
"နယ်လုံဝန်ကြီးခွင့်ပြုချက်နဲ့ စာတင်ရင် ကြန့်ကြာလို့တော့လေယာဉ်နဲ့ပဲတင်ဖြစ်တယ်။ လောလောဆယ်မှာတော့။နယ်လုံကိုစာတင်ထားပြီးတော့ပြန်မကျလာတာတွေလည်းရှိတယ်။ လေယာဉ်နဲ့တင်ရင်တော့ စရိတ်ကြီးတယ်။ကားနဲ့တင်ရင်တော့ စရိတ်သက်သာတယ်။ ဒါပေမယ့်ဆေးဆိုင်ဆိုတော့ ဆေးပြတ်လို့ မရတော့ စရိတ်ကြီးပေမယ့် တင်သွင်းနေကြ၇တယ်" ဟုပြောသည်။
ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာစစ်တပ်တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပြီးခဲ့သည့် အချိန်ကာလအတွင်း စစ်ကောင်စီသည့် ၇ခိုင်သို့ ဆေးဝါးများကိုတင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့သဖြင့် ၇ခိုင်ပြည်နယ်အတွင်း ဆေးဝါးများပြတ်လပ်ကာ ဈေးနှုန်းများအဆမတန် မြင့်တက်ခဲ့ပြီး ပြည်သူများအနေဖြင့်အထူးအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ဟု သိ၇သည်။
အဆိုပါ နယ်လုံခွင့်ပြုချက်ဖြင့်ကားလမ်းမှတဆင့် ဆေးဝါးများကိုသယ်ယူရာတွင်လည်း အခက်အခဲတချို့ရှိနေသေးပြီးစစ်တပ်စစ်ဆေးရေးဂိတ်တချို့က ကားသမားများထံမှ ငွေကြေးတောင်းခံမှုများ၊ကားသမားများကို အချိန်ဆွဲကာ ငွေညစ်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိ၇သည်။
၇ခိုင်တွင်ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်က အေအေနှင့်စစ်ကောင်စီတပ်တို့ ယာယီ နှစ်ဖက် အပစ်ရပ်ပြီးနောက်တွင် ပြည်သူများအဓိကထားသွားလာနေသည့် ကားလမ်း၊ ရေလမ်းအချို့ကို ပြန်ဖွင့်ပေးခဲ့သော်လည်းဆန်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းသယ်ယူခွင့်တို့ကို ကန့်သတ်မှုများရှိနေသေးပြီးဆေးဝါးများတင်သွင်းခွင့်ကို ယခုမှ တရားဝင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။ (NN-8)