ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုတွင် နေအိမ်အဆောင်များကို အမြန်ပြန်လည်တည်ဆောက်ရန်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 446

နိရဉ္စရာ၊ ဇန်နဝါရီ ၁၃/၂၀၂၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ် ရှိ စေတီတောင်အရှေ့ဘက်စစ်ရှောင်စခန်းနှင့် စေတီတောင် အနောက်ဘက် စစ်ရှောင်စခန်းနှစ်ခုတွင် နေအိမ်အဆောင်များပျက်စီးနေသဖြင့် ၎င်းနေအိမ်အဆောင်များကို အမြန် ပြန်လည်တည်ဆောက်ရန်လိုအပ်နေကြောင်း စစ်ဘေးရှောင်များက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

အဆိုပါစခန်းနှစ်ခုအနက် စေတီတောင်အရှေ့ဘက်စခန်းတွင် နေအိမ်အဆောင် ၂၀၁ ဆောင်ရှိပြီး  ြန်လည်မပြုပြင်ရသည်မှာ သုံးနှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်ဟု ဆိုသည်။

စခန်းတာဝန်ခံတစ်ဦးက "စခန်းတခုလုံးလုပ်ရပါမယ်။ ပြန်မပြင်ရာတာက သုံး၊လေးနှစ်လောက်ရှိပြီ။ ပြန်ဆောက်ရင် အားလုံးကိုဆောက်ရပါမယ်။ အိမ်ပျက်သွားလို့အဆင်မပြေတဲ့သူဆိုရင် အခြား မိသားစုအိမ်မှာကပ်နေရတယ်။ အိမ်တွေက ဆောက်ထားတာလည်းကြာပြီ။ အားလုံးက ပျက်နေပြီ၊ ကြမ်းခင်းတွေလည်း အပေါက်တွေဖြစ်သွားပြီ။ အိမ်ခေါင်မိုးတွေလည်း အားလုံးအပေါက်တွေနဲ့ ပိုးကျပြီးတော့ပြိုနေတာတွေလည်းရှိတယ်။ အခက်အခဲတွေ အများကြီးနဲ့နေနေရပါတယ်။စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေအားလုံးက အခက်အခဲတွေနဲ့ပါ" ဟုပြောသည်။

 နေအိမ်တိုင်းလိုလိုပျက်စီးနေပြီဖြစ်သဖြင့် အမျိုးသမီးများအတွက် လုံခြုံမှု မရှိဖြစ်နေသည်ဟု အဆိုပါ စခန်းက အသက် ၄၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

 အဆောင်တွေက နေရေးထိုင်ရေးအခက်အခဲရှိနေပါတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေ အတွက် လုံခြုံမှုမရှိဖြစ်နေပါတယ်။ အမိုးအကာအရန်တွေက အားလုံးပြိုပျက်နေတော့ အကုန်လုံးက ဟာလာဟင်းလင်းဖြစ်နေပါတယ်။ ကျွန်မတို့မှာ ပြန်ပြင်နိုင်တဲ့ အနေအထားမရှိတော့ အလှူရှင်တွေကိုဘဲ မျှော်နေကြရပါတယ်ဟု ၎င်း အမျိုးသမီးက ပြောဆိုသည်။

အဆိုပါစေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းတွင် နေအိမ်အဆောင် ၂၀၁ ဆောင်၊ အိမ်ထောင်စု ၂၀၉ စု၊ လူဦးရေ ၇၀၀ ကျော်ရှိကြောင်းသိရသည်။

စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် စေတီတောင်အနောက်ဘက်စစ်ဘေးရှောင်စခန်းတွင်လည်း လုံးဝပြိုပျက်သွားပြီဖြစ်သဖြင့် နေထိုင်လို့မရတော့သည့် နေအိမ် ၁၀ လုံးကျော်ရှိပြီး အခြားနေိမ်အဆောင်များမှာလည်း တစ်ပိုင်းတစ်စ ယိုယွင်း ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံတစ်ဦးကပြောသည်။

"ပျက်စီးနေတာတွေကရှိပါတယ်။ အများကြီးကိုရှိပါတယ်။ လုံးဝပျက်စီးသွားလို့ နေလို့မရတော့တဲ့ အိမ်က ၁၀ ကျော်ရှိပါတယ်။ ၆ လပိုင်းတုန်းကတခါတော့ ဝါး ၅၀နဲ့ တာပေါ်လင် အလိပ် ၅၀ပေးတာရှိတယ် ပြန်ဆောက်ဖို့။ ဒါပေမယ့်အဲဒါတွေနဲ့က ပြန်ဆောက်ဖို့မလောက်ပါဘူး။ နေရထိုင်ရတာက အရမ်းကျပ်တည်းပါတယ်။ ပြုပြင်လို့နေရကြရတာကလည်း ငွေအကျပ်အတည်းတွေရှိပါတယ်။ နွေရာသီကိုရောက်လာပြီဆိုရင်တော့ အားလုံး ပြန်လုပ်နိုင်ရင်ကောင်းပါမယ်။ နီးစပ်ရာနယ်တွေကို ထင်းခွေဖို့၊ အလုပ်လုပ်ဖို့သွားကြရပါတယ်။ ဒါပေမယ့်အလုပ်မကျပါဘူး။ သုံးယောက်မှာတစ်ယောက်တောင် အလုပ်လုပ်ဖို့မရပါဘူး" ဟုပြောသည်။

အဆိုပါ အနောက်ဘက်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၆၆ စုနှင့် လူဦးရေ ၆၁၈ ဦးရှိကြောင်းသိရသည်။

 

အဆိုပါစစ်ဘေးရှောင်စခန်းများ၏ နေအိမ်အဆောင်များသည် ဝါး၊ နိမိုးနှင့် တာပေါ်လင်စများ အသုံးပြုကာ ဆောက်လုပ်ထားသည့်နေအိမ်အဆောင်များဖြစ်ကြပြီး ရေရှည်နေထိုင် အသုံးပြုရန်အတွက် ပြန်လည်ပြုပြင်ရေးများ လုပ်ဆောင်ရန်လိုအပ်နေခြင်းဖြစ်ကြောင်းသိရသည်။

 

ယခုအခါတွင် ဆောင်းရာသီရောက်နေပြီဖြစ်၍ အမိုးအကာမလုံခြုံသဖြင့် အချမ်းဒဏ်ကိုပိုခံစားရသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ နာမကျန်းဖြစ်နေကြောင်းသိရသည်။

 

ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများသည် စခန်းအနီးအနားရှိ မြေသားကန်များမှ ရေကိုသာလျှင် သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုရသဖြင့် ယားနာနှင့်ဝမ်းရောဂါဖြစ်ပွားမှုများလည်း ရှိကြောင်း စစ်ဘေးရှောင်များကပြောသည်။

 

အဆိုပါစခန်းနှစ်ခုမှ စစ်ဘေးရှောင်များပြီးသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြောက်ပိုင်းမှ စစ်ဘေးရှောင်လာကြသည့် ဒေသခံများဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ယာယီအပစ်ရပ်ထားသော်လည်း ၎င်းတို့နေထိုင်သည့် ကျေးရွာအတွင်းနှင့် အနီးအနားတောင်ကုန်းများတွင် စစ်တပ်မှ စခန်းချနေထိုင်မှုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးတဝိုက်တွင် မိုင်းရှင်းလင်းပေးမှုများ မရှိသဖြင့် စစ်ဘေးရှောင်များနေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းလည်း ရခိုင်စစ်ဘေးရှောင်များက ပြောသည် (NN-8)

ဆက်စပ် သတင်းများ