- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဉ္စရာ၊ ဇန်နဝါရီ
၁၄/၂၀၂၃
ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတို့ အလွတ်သဘော အပစ်ရပ်လိုက်ပြီးနောက်ပိုင်းတွင် အေအေနှင့် ဆက်စပ်သူများကို စစ်ကောင်စီက လွတ်ပေးလိမ့်မည်ဟု မိသားစုများက မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့တွင် မလွတ်ပေးသည့်အပြင် ထပ်တိုးပုဒ်မများဖြင့် တရားစွဲဆိုနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆို ခံထားရသည့် သွားဆရာဝန် ဒေါက်တာ ကျော်သူရထွန်းကို လွတ်မပေးသည့် အပြင် ဇန်နဝါရီ ၁၂ ရက် ရုံးချိန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် ထပ်တိုး တရားစွဲဆိုလိုက်သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
“သူ့ကို ထပ်တိုးပုဒ်မနဲ့ စွဲတယ်ဆိုတာတောင် မသိလိုက်ဘူး။ ဒီနေ့မှ သတင်းကြားလို့ သွားမေးကြည့်လိုက်တော့ ထပ်တိုးပုဒ်မနဲ့ မနေ့ညက ရမန်ယူလိုက်တယ်ကြားတယ်။ သူ့ကို ကားလိုင်စင်မရှိလို့ စွဲတယ်ပြောတယ်။ သူ့ကိုဖမ်းတုန်းက ကားပါသွားလို့ စွဲတယ်ပြောတယ်။ သူတို့လက်ထဲရောက်သွားတော့ လုပ်ချင်သလိုလုပ်၊ စွဲချင်သလိုစွဲကြတာပေါ့။ သူတို့လက်ခုပ်ထဲက ရေဖြစ်သွားတာကိုး” ဟု ၎င်းက ပြောဆိုသည်။
ဒေါက်တာ ကျော်သူရထွန်း(၄၂) နှစ်ကို ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်ခန့်က တောင်ကုတ်မြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုထားသည့်အမှုကို ရုံးထုတ်ခဲ့သည်။
သို့သော်လည်း လိုပြသက်သေ မရောက်၍ ဇန်နဝါရီ ၁၈ ရက်ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့ကာ ယခုအကြိမ်နှင့်ဆိုလျှင် လိုပြသက်သေ မရောက်သည်မှာ ၄ ကြိမ်အထိရှိနေပြီဟု ၎င်းကပြောသည်။
သူ့ကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ရုံးထုတ်ခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင်ပင် တောင်ကုတ်မြို့နယ်တရားရုံး၌ ထပ်တိုးပုဒ်မဖြစ်သည့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် ရမန်ယူခဲ့သည်ဟု မိသားစုဝင်တစ်ဦးကလည်း အတည်ပြု ပြောဆိုသည်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာ ၆ ရက် နံနက် ၁၀ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများက ဂိုဏ်စတားဆန်ဆန်ဖြင့်
အရပ်ဝတ်များဝတ်ဆင်ကာ ဆိုင်ကယ်များ၊ ကားများဖြင့် တောင်ကုတ်မြို့ ၊ ဆေးရုံကွက်သစ်(၁)
လမ်းထဲသို့ ဝင်ရောက်လာပြီး
ဒေါက်တာကျော်သူရထွန်းကို စစ်ကောင်စီ ခမရ ၅၄၄
တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ယင်းနောက် သူ့ကို
တောင်ကုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဇင်ဦးက
တရားလိုလုပ်ကာ စက်တင်ဘာလ ၂၃ ရက်က တောင်ကုတ်မြို့နယ် တရားရုံး အေအေနှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ
၁၇(၁) နှင့် အမှုဖွင့်
တရားစွဲဆိုခဲ့သည်။
ဒေါက်တာ ကျော်သူရထွန်းသည် စစ်တွေမြို့ မင်းဂံရပ်ကွက် ဇာတိဖြစ်ပြီး တောင်ကုတ်မြို့တွင် အိမ်ထောင်ကျနေ၍ ၂ နှစ်အရွယ် သမီးတစ်ဦးရှိသည်ဟု သိရသည်။ (NN-3)