ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် UNHCR အကူအညီများ ပြန်လည်စတင်၊ ရှေ့အပတ်ရသေ့တောင်မြို့နယ်တွင် ဆက်လက်ကူညီမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၄/၂၀၂၃

UNHCR သည် ြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ဘူးသီးတောင်မြို့နယ်မှ လူဦးရေ ၂၈၀၀ ကျော်ကို နေအိမ်အမိုးအကာများ၊ ဆောင်းရာသီသုံးပစ္စည်းများ၊ စောင်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ နှာခေါင်းစည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများကို အကူအညီပေးနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့စွဲဖြင့်  ထုတ်ပြန်သည့် UNHCR ၏ ထုတ်ပြန်ချက်အထဲတွင် အဆိုပါဖြန့်ဝေမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်ရှေ့အပတ်တွင် ရသေ့တောင်မြို့နယ်ရှိ နေရာဒေသများသို့ ကျယ်ပြန့်စွာဖြန့်ဝေသွားမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယခုရက်သတ္တပတ်အတွင်း UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလက်ခံရရှိရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဖြန့်ဝေမှုလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားပြီးနောက် ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ပဋိပက္ခဒဏ်ခံစားလျက်ရှိသော လူမှုအသိုင်းအဝိုင်းထံ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေမှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့သည့် စက်တင်ဘာလ ၁၅ ရက်က စတင်ကာ  မြန်မာစစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် မြို့နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများကို အကူအညီပေးရေးလုပ်ငန်းများကို ရပ်ဆိုင်းရန်ညွှန်ကြားခဲ့သည်။ (  NN-3)

ဓာတ်ပုံ - UNHCR

ဆက်စပ် သတင်းများ