Preview

NUG,PDF တို့အား ထောက်ပံ့ကူညီသည်ဟုစွပ်စွဲကာ သံတွဲမှပန်းချီဆရာမတစ်ဦးကို ထောင် ၁၀ နှစ်ချမှတ်မှုမှာ လုံး၀မတရားဟုဆို

ဇန်နဝါရီ ၁၄/ ၂၀၂၃ | ကြည့်ရှုသူ :8575
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၁၄/၂၀၂၂

NUG နှင့်PDF တို့ကိုထောက်ပံ့ကူညီသည်ဟုဆိုကာ ၇ခိုင်ပြည်နယ်၊ သံတွဲမြို့မှပန်းချီဆရာမ မရွှန်းစန္ဒာ(ခေါ်) မဒေးဒေးကိုကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် သံတွဲခရိုင်တရားရုံးမှထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းမှာ လုံး၀ တရားမျှတမှုမရှိဟု သူမနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောကြားသည်။

သူမနှင့် နီးစပ်သူ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ကျွန်မသူငယ်ချင်းကို တိတ်တိတ်ကလေး ထောင်ချထားတယ်။ မတရားချထားတာ။ သတင်းလည်းအမှောင်ချခံထားရတယ်။ ဒီလိုလုပ်ရပ်ကို သည်းမခံနိုင်လွန်းလို့ ပြောပြတာ။ သူ့မှာ ဘာအပြစ်မရှိဘူးဟုပြောသည်။  

သံတွဲမြို့၊အမှတ် ၅ ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် ပန်းချီဆရာမ မရွှန်းစန္ဒာ (ခေါ်) မဒေးဒေးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်က၊ သံတွဲခရိုင်တရားရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့်ထောင် ၁၀ နှစ်ချမှတ်ခဲ့သည်ဟု ၎င်းကပြောသည်

"နှစ်မကူးခင် အလျင်စလိုချလိုက်တာပါ။ဒီသံတွဲထောင်မှာပဲ အခုကတော့။ ကျန်းမာရေးက သူကအိပ်မပျော်တဲ့ဟာရှိတယ်။ဗိုက်အောင့်၊ ဗိုက်နာလည်းဖြစ်တယ်။ သူတို့စွဲတာက အကြမ်းဖက်ဥပဒေနဲ့စွဲတာပါ။ဒါပေမယ့်သူ့မှာက ဘာမှမရှိပါဘူး။ လက်သုံးချောင်းထောင်တာနဲ့ကံစမ်းမဲပို့စ်လေးတခုရှဲတာပဲရှိတာပါ။ သူ့မှာကအကြမ်းဖက်တာဘာတွေလည်းမရှိပါဘူး"ဟုပြောသည်။

သူမကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့က ၎င်း၏မုန့်ဆိုင်မှ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သံတွဲမြို့မရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။

မရွှန်းစန္ဒာသည် သူမ၏ဖေ့စ်ဘုတ်အကောင့်တွင် NUG,PDF တို့၏ ရန်ပုံငွေကံစမ်းမဲအစဉ်ပို့စ်အားသူမ၏ ပို့စ်မှ မျှဝေထားသဖြင့် NUG,PDF တို့ကို ထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထောင်ချလိုက်သည်ဟု သူမနှင့်နီးစပ်သူက ဆက်လက် ပြောသည်

 

သူသည် ပန်းချီဆရာမ တစ်ဦးလည်းဖြစ်သလို အွန်လိုင်းမှ တစ်ဆင့် အစားအသောက်များ ရောင်းချနေသူလည်းဖြစ်ပြီး  လက်ရှိတွင် သူမကိုသံတွဲမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်းသိ၇သည်။

 

အဆိုပါလူမှုကွန်ရက်မှ ပိုစ့်လေးတစ်ခုကြောင့်ယခုကဲ့သို့ ထောင် (၁၀) နှစ်ထိ ကြီးလေးသောပြစ်ဒဏ်ချမှတ်ခြင်းမှာ လုံး၀ မဖြစ်သင့်ကြောင့်သံတွဲမြို့ခံတစ်ဦးကပြောသည်။

 

၇ခိုင်တွင်NUG,PDF တို့နှင့် ဆက်စပ်မှု သံသယ၊ ထောက်ပံ့သည် သံသယဖြင့် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားပြီး ထိုအထဲက  သံတွဲမှအမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာလည်းထောင်ဒဏ်အသီးသီးချမှတ်ခံထား၇သည်

 

(NN-8)

 

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.