အင်္ဂါ၊ ဇူလိုင်လ ၂၃ရက်၊ ၂၀၂၄

သံတွဲအပါအဝင် ရခိုင်မှ မြို့အချို့သို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်မည့်ခရီးစဉ်ရှိသည်ဟုဆိုကာလုံခြုံရေးတိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 922

နိရဥ္စရာ၊ ဇန်နဝါရီ ၁၆ /၂ဝ၂၃

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့အပါအဝင် တခြား မြို့အချို့သို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိမည်ဟုဆိုကာ လုံခြုံရေးများအထူးတင်းကျပ်ထားကြောင့် သတင်းရရှိသည်။

သံတွဲမြို့မှ ဌာနဆိုင်ရာ အရာရှိတစ်ဦးက " စကစ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်မယ်ဆိုပြီး သံတွဲ၊ ငပလီမှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတာတွေ၊ လမ်းတွေပြင်ဆင်တာတွေ ရှိနေတယ်။ ဒီရက်ပိုင်းမှာ မြို့ပေါ်တွေမှာ ကင်းပုန်းဝှက်တာတွေ၊ စောင့်ကြည့်တာတွေ၊ လုံခြုံရေးတိုးချတာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်"ဟု ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် ထိုင်းစစ်ဦးစီးချုပ်တို့ ငပလီတွင် တွေ့ဆုံရန် သတင်းများ ဖြစ်ပေါ်နေပြီး ထိုင်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ  ၁၉ ရက်တွင် ရောက်ရှိမည် ဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်တွင် သံတွဲမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာမည်ဟုလည်း သတင်းများကြားသိရကြောင်း ၎င်းက ပြောသည်။

သံတွဲမြို့၊ ငပလီကမ်းခြေရှိ Aureum Palace Hotel တွင် တွေ့ဆုံကြမည်ဟု သတင်းများထွက်နေပြီး ယင်းဟိုတယ်အနီးတဝိုက်ကိုလည်း ယခုအပတ်မှစတင်ကာ စစ်ကားများဖြင့် လုံခြုံရေး အထူးတိုးချဲ့ထားသလို ငပလီရှိ ပုလဲကျွန်းတွင်လည်း ရေတပ်သင်္ဘောများဖြင့် ကင်းလှည့်လျက်ရှိနေသည်ဟု မြို့ခံများက ပြောသည်။

သံတွဲမြို့ခံတစ်ဦးက "ရေတပ်သင်္ဘောကြီးတွေတောင် အများကြီးရောက်နေတယ်။ လွန်ခဲ့တဲ့ (၅) ရက်လောက်ကတည်းကပဲ သင်္ဘောကြီးတွေရပ်ထားတယ်။ လုံခြုံရေးတွေရော တိုးမြှင့်နေတာပေါ့။ နောက် ဒီဘက် စားသောက်ဆိုင်တွေ၊ မဆီမဆိုင် KTV တွေပါ လျှောက်ပိတ်နေတယ်။ ပိတ်ထားတော့ ရှေ့မှာ လူငယ်တွေက ရုတ်ရုတ်ဖြစ်။ နောက်လမ်းဘေးကဆိုင်တွေ အကုန်ရှင်းလိုက်တယ်ဟု ပြောသည်။

ထိုကဲ့သို့  အခြေအနေများကြောင့် သံတွဲနှင့် ငပလီတွင် လက်လုပ်လက်စားများ စားဝတ်နေရေး အခက်ကြုံနေရသည်ဟု ဆိုသည်။

 “ က်လုပ်လက်စားသမားတွေ ဘာမှလုပ်စားလို့မရတော့ဘူး။ ငတ်ကုန်ပြီ။ ကမ်းခြေရော၊ လမ်းဘေးတွေရော၊ သံတွဲမှာရော အကုန်လုံးပဲ။ သူတို့လုပ်နေတယ်။ လေဆိပ်မှာ ကောက်ညှင်းထုပ် ရောင်းတဲ့အသည်ကအစ ရှင်းထားကြတယ်။ စစ်ကားတောင် အစီး(၅၀)လောက် ရောက်နေတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းရောက်မှာ။ ထိုင်းက စစ်ဦးစီးချုပ်လို့ကြားတယ်။ ပြင်ထားတာတော့ အများကြီးပဲပြင်ထားတယ်။ ဘယ်ဟိုတည်တွေမှာ ဘယ်လိုဆိုတာမျိုးတော့မသိရဘူး။ လုံခြုံရေးကလုံးဝကို တင်းကျပ်ထားတယ်။ သူတို့စီးဖို့ ကျည်ကာကားတွေကအစ ရောက်နေပြီ။ အဲ့ဒီတွေကို တပ်မတော် ဇက်ရေယာဉ်နဲ့သယ်လာတာ"ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ လာမည်ဖြစ်၍ သံတွဲမဇင် လေဆိပ်မှ ဂျိတ္တောရပ်ကွက်အထိ မင်းဘာကြီးလမ်းမကြီးဘေးတစ်လျှောက်ရှိ စျေးဆိုင်ခန်း ၂ဝ ကျော်ကို ဇန်နဝါရီလ ၁ဝ ရက်မှစတင်ကာ အဓမ္မဖျက်သိမ်းခဲ့ပြီး ပေါက်ပြဲပျက်စီးနေသည့် မြို့တွင်းလမ်းများကိုလည်း ပြုပြင်ဖာထေးမှုများပြုလုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သံတွဲအပြင် စစ်တွေနှင့် အခြား မြို့အချို့သို့လည်း သွားရောက်လည်ပတ်ရန်ရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

စစ်တွေမြို့ ဆေးရုံကြီးအနီးရှိ လမ်းမကြီးလမ်းပိုင်းအချို့ကိုလည်း ရက်ပိုင်းအတွင်း နိုင်လွန်ကတ္တရာများ ခင်းလိုက်သည်ကိုတွေ့ရသည်ဟု မြို့ခံများက ပြောသည်။

ခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ ဦးလှသိန်းတို့အား နိရဥ္စရာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးကမူ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် စစ်ကောင်စီအရာရှိများသည် ရှေ့ပြေးအနေဖြင့် ယနေ့နံနက်တွင် စစ်တွေမှတဆင့် သံတွဲသို့ထွက်ခွာသွားကြပြီဟု ပြောသည်။ (NN–2, NN–7)

 

ဓာတ်ပုံ - စစ်ကောင်စီဥက္ကဋ္ဌတို့လာမည်ဆို၍ ပုလဲကျွန်းအတွင်း ကင်းလှည့်နေသည့် စစ်သင်္ဘောတစ်စီးကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ