သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြား ဆင်ကြီးပြင်ကျေးရွာတွင်မီးလောင်၊ နေအိမ်သုံးလုံးပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/၂ဝ၂၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆင်ကြီးပြင် (မှုဆလင်) ကျေးရွာတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်၍  နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊ ည ၈ နာရီခန့်တွင် ဆင်ကြီးပြင်ကျေးရွာမှ ဒူဒုရာ (၂၈ နှစ်)၏ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးရှိ နောက်ထပ် နေအိမ် ၂ လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့သည့်အတွက် နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု မူဆလင်ကျေးရွာသားတစ်ဦးက ပြောသည်။

မီးသတ်ကားတွေကတော့ အလှမ်းဝေးတဲ့အတွက် အချိန်မီရောက်မလာနိုင်ခဲ့ဘူး။ ကျနော်တို့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းနေတုန်း နောက်မှ မီးသတ်ကားတွေရောက်လာတယ်။ နေအိမ်ကတော့ ၃ လုံး ပျက်စီးသွားပါတယ်ဟု ပြောသည်။

မီးလောင်မှုဖြစ်ခဲ့သည့် ဆင်ကြီးပြင်ကျေးရွာသည် မင်းပြားမြို့မှ ၃ မိုင် ၆ ဖာလုံခန့်ဝေးသည်ဟု သိရသည်။

မီးလောင်မှုကို ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းမီးငြိမ်းမှုကြောင့် ည ၉ နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ကျပ်သိန်း ၆ဝ ဖိုး ဆုံးရှုံးသွားသည်ဟုလည်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုများမရှိခဲ့သော်လည်း လူ စုစုပေါင်း(၁၈)ဦး မီးဘေးဒုက္ခသည် ဖြစ်သွားခဲ့ရပြီး သူတို့သည် နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီ နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ