Preview

ရခိုင်က မသန်စွမ်းများအတွက် အလုပ်အကိုင်နှင့်ပညာရေးအခွင့်အလမ်းများနည်းပါးနေ

ဇန်နဝါရီ ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :6908
ရခိုင် သတင်း

နိရဉ္စရာ၊ဇန်နဝါရီ ၁၈/၂၀၂၂

 

၇ခိုင်ပြည်နယ်တွင်နိုင်ငံရေး အခြေအနေနှင့် ဒေသမတည်ငြိမ်မှု၊ စက်ရုံအလုပ်ရုံရှားပါးမှုတို့ကြောင်  ဒေသခံပြည်သူများ အနေဖြင့် အလုပ်အကိုင် ရှားပါးသည့် ပြသနာကို ကြုံတွေ့နေ၇ပြီး ထိုအထဲတွင် သာမန်ဒေသခံများထက်မသန်စွမ်းများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုနည်းပါးသည်ကို ကြုံတွေ့နေရကြောင်းမသန်စွမ်းသူများအရေးကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိ၇သည်။

 

၇ခိုင်ပြည်နယ်တွင် ၂၀၁၉ခုနှစ်က လူဝင်မှုကြီးကြပ်ရေးဌာနမှ ကောက်ခံထားသည့် သန်းခေါင်စာရင်းအ၇ မသန်စွမ်းဦးရေမှာ၅၀၅၅၃ ဦးရှိပြီး အများစုမှာ မိသားစုများ၏ အကူအညီအထောက်အပံ့ဖြင့်ရပ်တည်နေ၇သူများ ဖြစ်သည်ဟု ၎င်းတို့ကပြောဆိုသည်။

 

၇ခိုင်တွင် မသန်စွမ်းသူများအတွက်မိမိကိုယ်ကိုရပ်တည်နိုင်ရန် အတတ်ပညာသင်ကြားရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများလည်းနည်းပါးနေပြီး ၎င်းတို့နှင့်ကိုက်ညီသည့် အလုပ်အကိုင်များ ရရှိအောင်လည်း သက်မွေးဝမ်းကျောင်း သင်တန်းများ ပို့ချပေးရန် လိုအပ်သည်ဟု ၇ခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး ဥက္ကဋ္ဌဦးလှမြင့်က နိရဉ္စရာသို့ပြောသည်။

 

"မသန်စွမ်းတွေရဲ့အခက်အခဲတွေကတော့အလုပ်အကိုင်၇ဖို့၊နောက်ပြီး သက်မွေးဝမ်းကျောင်း တက်ဖို့တာတွေ ပေါ့နော်။ အလုပ်ရဖို့ကတော့ သူတို့ရဲ့အလုပ်ဌာနနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ၊ ကိုယ့်ကျွမ်းကျင်ရာအတတ်ပညာတွေကိုလိုအပ်တယ်။ ကျနော်တို့ကရန်ကုန်မှာရှိတဲ့ကျောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းလျှောက်လွာတင်ပြီးတော့အလှည့်ကျသွားတက်ကြတာတွေရှိတယ်" ဟုပြောသည်။

 

ထို့အပြင်မသန်စွမ်းများတတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်းပညာရပ်များကို လက်တွေ့အလုပ်လုပ်ကိုင်နိုင်ရန်လုပ်ငန်းရှင်များမှ လက်ခံကူညီထောက်ပံ့ပေးရန်လိုအပ်ပြီး မိသားစုဝင်များမှလည်း၎င်းမသန်စွမ်းများ တတ်ကျွမ်းထားသည့် သက်မွေးဝမ်းကျောင်း ပညာရပ်များကိုလက်တွေ့အသုံးချနိုင်ရန်အကူအညီအထောက်အပံ့များပေးသင့်သည်ဟု မသန်စွမ်းအရေးလုပ်ဆောင်နေသူများကပြောသည်။

 

ရွှေရခိုင်မသန်စွမ်းသူများအစည်းအရုံးကို တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ကိုယ်တိုင် မသန်စွမ်းတစ်ဦးလည်း ဖြစ်သည့် မခင်ခင်ဇော်(ခ) မခင်ယဉ်ဇော်က "ဘယ်နိုင်ငံမှာမဆိုအလုပ်အကိုင်ဟာ ပညာရေးနဲ့သက်ဆိုင်ပါတယ်။ မသန်စွမ်းတွေမှာ ပညာမရှိတော့သက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်၇ဖို့ကလည်းဝေးတယ်။ ဝေးတော့ လိုအခက်အခဲတွေကြုံတယ်။အဲဒါတင်မဟုတ်ဘူး။ သက်မွေးဝမ်းကျောင်းနဲ့ကြည့်ပြန်တော့လည်း မသန်စွမ်းကလုပ်နိုင်တဲ့သက်မွေးဝမ်းကျောင်းတွေကိုလည်း လုပ်ခွင့်မ၇ဘူးဖြစ်နေတယ်။ အခုချိန်မှာသန်စွမ်းတဲ့သူတွေမှာတောင် အခက်အခဲရှိတယ်၊ မသန်စွမ်းသူတွေမှာတော့ပိုဆိုးတာပေါ့။ မသန်စွမ်းတွေက မလုပ်နိုင်တာမဟုတ်ဘူး၊ လုပ်နိုင်တယ်။သူတို့လုပ်နိုင်မယ်မဟုတ်ဘူးလို့ ထင်ကြတယ်။ မိသားစုတွေကလည်းသူကမသန်စွမ်းပဲ နေပါစေ ဆိုပြီး မှီခိုခွင့်ပဲပြုကြတယ်။ ကိုယ့်အားကိုကိုးနိုင်အောင်လေ့ကျင့်ခွင့်မပေးဘူး။ အမှန်ဆိုရင်ကျမက ခြေထောက်ပဲမသန်တာ၊လက်သန်တယ်၊ လက်နဲ့လုပ်လို့၇တဲ့အလုပ်တွေအများကြီးပဲ"ဟုပြောသည်။

 

၇ခိုင်ကမသန်စွမ်းသူများအတွက်အလုပ်အကိုင်အခွင့်အလမ်းများအပြင် အတန်းပညာများ သင်ယူနိုင်ရန်၊သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ယူနိုင်ရန်အတွက်လည်း အစိုးရမှထိထိရောက်ရောက်ကူညီပေးသင့်သည်ဟု မသန်စွမ်းသူများကပြောသည်။

 

၇ခိုင်တွင်မသန်စွမ်းသူများအတွက် ပတ်ဝန်းကျင်မှ ဦးစားပေးကူညီမှုများ၊ အလုပ်အကိုင် နေရာချပေးမှုများ၊ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုများ၊အတန်းပညာ အသက်မွေးဝမ်းကျောင်းပညာရပ်များနှင့်အများပြည်သူပိုင်နေရာများတွင် မသန်စွမ်းများအတွက် နေရာထိုင်ခင်းစီစဉ်ပေးထားခြင်းတို့ကိုလည်း ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသလိုကူညီထောက်ပံ့ပေးမှုများနည်းပါးနေသေးကြောင်း မသန်စွမ်းသူများကပြောသည်။

 

ထိုအပြင် ရခိုင်ကမသန်စွမ်းများအတွက် မသန်စွမ်းအခွင့်အရေးများ ရရှိ အသုံးချနိုင်ရန်အတွက်လည်းအစိုးရမှ မသန်စွမ်းမှတ်ပုံတင်များလည်း ထုတ်ပေးရန်လိုအပ်သည်ဟု၇ခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးဥက္ကဋ္ဌဦးလှမြင့်ကပြောသည်။

 

၇ခိုင်တွင်မသန်စွမ်းများအတွက် ၎င်းတို့လုပ်ဆောင်နိုင်သည့် သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များအတွက်လည်းထောက်ပံ့ကူညီပေးမှုများလိုအပ်နေပြီး မသန်စွမ်းများ၏စိတ်အားငယ်မှုများအတွက်လည်း စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးသည့် ကဏ္ဍများပိုမိုလုပ်ဆောင်လာနိုင်ရန်လိုအပ်ကြောင်း မသန်စွမ်းအရေးလှုပ်ရှားနေသူများကပြောသည်။

 

၇ခိုင်တွင် စစ်အာဏာသိပြီးနောက်ပိုးဒေသမတည်ငြိမ်မှု၊ ကျေးလက်ဒေသမဖွံ့ဖြိုးမှု၊ ခိုးဆိုးလုယက်မှုများများပြားလာသဖြင့် မသန်စွမ်းများအတွက် အခက်အခဲများစွာရှိလာပြီးစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုများ ပိုမိုခံစားလာ၇သည်ဟုမသန်စွမ်းများကပြောသည်။

 

(NN-8)

ဓာတ်ပုံ-ရခိုင်ပြည်နယ်မသန်စွမ်းသူများအစည်းအရုံး

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.