- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈/၂၀၂၃
ရခိုင်ပြည်နယ် သံတွဲ၊ ငပလီမြို့နှင့် မဇင်လေဆိပ် အဝင်အထွက်လမ်းတစ်လျှောက်ကို စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားပြီး စစ်နက်လက် အသုံးအဆောင်ပစ္စည်း အများအပြားလည်း စစ်လေယာဉ်များဖြင့် ထပ်မံရောက်ရှိလာသည်ဟု သတင်းရရှိသည်။
ငပလီတွင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ တွေ့ဆုံရန်ခရီးစဉ်ရှိ၍ သံတွဲ နှင့် ငပလီတို့တွင် လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
“ ပင်လယ်ထဲက ရေတပ်သင်္ဘောကြီးတွေ ကင်းလှည့်နေတာကို မြင်နေရတယ်။ လမ်းတစ်လျှောက်လည်း စစ်သားတွေ အပြည့် လုံခြုံရေးယူထားတယ်။ အခုအနေအထားမှာ သံတွဲကနေ ငပလီကို သွားဖို့ မလွယ်သလို ငပလီကနေ လေယာဉ်ကွင်းဘက်ကိုလည်း သွားဖို့ မလွယ်ပါဘူး။ လုံခြုံရေးတွေအပြည့်အကျပ်ချထားပြီး လမ်းတွေကိုပိတ်ဆို့ထားပါတယ်"ဟု သံတွဲ ဒေသခံ တစ်ဦးက ပြောသည်။
ဇန်နဝါရီ ၁၆ နှင့် ၁၇ ရက် ညပိုင်းအချိန်များကလည်း သံတွဲလေဆိပ်သို့ စစ်လေယာဉ်များဖြင့် ရောက်ရှိလာသည့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို စစ်ကားအများအပြားဖြင့် ခမရ(၅၅) သို့ပို့ဆောင်မည်ဟုသိရကြောင်း ၎င်းက ပြောသည်။
" စစ်ကားတွေနဲ့ ပြောင်းတာ ။ သာမန် အရပ်သားတွေ အနားမကပ်ရဘူး။ သူတို့ ခမရ (၅၅) ကိုပို့တာလို့ သိရတယ်"ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နံနက် ၁၀ နာရီကျော်ကလည်း တပ်မတော်လေယာဉ်များဖြင့် သယ်ယူလာသည့် စစ်လက်နက်နှင့် အသုံးအဆောင်များဟု ယူဆရသည့် ပစ္စည်းများကို သံတွဲလေဆိပ်တွင် လုံခြုံရေးထူထပ်စွာချပြီး အမှတ် (၅၅) တပ်ရင်းသို့ ပြောင်းရွှေ့သယ်ယူခဲ့သည်။
မနက်ဖြန် ဇန်နဝါရီ ၁၉ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ်ဦးစီးချုပ် တို့သည် သံတွဲမြို့ သို့ ရောက်ရှိကြမည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းက ပြောကြားသည်။
ထိုင်းစစ်တပ်ဦးစီးချုပ် ၊ Supreme Commander of Royal Thai Armed Forces မှ General Chalermpol Srisawat သည် ထိုင်းစစ်တပ်လေယာဉ်ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် သံတွဲလေဆိပ်သို့ စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေဆုံရန်ရောက်ရှိလာမည်ဖြစ်ကြောင်း ခေတ်သစ်မီဒီယာတွင်လည်းသတင်းဖော်ပြထားသည်။
( ဓာတ်ပုံ- ယနေ့ သံတွဲ ငပလီမြင်ကွင်း)