တနင်္လာ၊ ဇူလိုင်လ ၁၅ရက်၊ ၂၀၂၄

ရခိုင်လူမှုရေးအသင်း(နော်ဝေ)က ကျောက်တော် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းသို့ စောင်များ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၉ /၂ဝ၂၃

 

ဆောင်းရာသီ အအေးဒဏ်ကြောင့် စောင်၊ အနွေးထည် မလုံလောက်ဖြစ်နေသည့် ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းသို့ ရခိုင်လူမှုရေးအသင်း(နော်ဝေ)က စောင်များ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါစခန်းရှိ စစ်ဘေးရှောင်များကို ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ရခိုင်လူမှုရေးအသင်း (နော်ဝေ) ကိုယ်စား ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

လှူဒါန်းရာတွင် စစ်ဘေးရှောင်အိမ်ထောင်စု တစ်စုလျှင် စောင် ၂ ထည်ကျစီဖြင့် အိမ်ထောင်စု စုစုပေါင်း ၈၁ စုအတွက် စောင် ၁၆၂ ထည်ကို လှူဒါန်းဖြစ်ခဲ့ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာကိုပြောသည်။

 

အဓိကတော့ ဒီဒေသတွင်းမှာ ဆောင်းရာသီလည်းဖြစ်တယ်။ နောက်ပြီးတော့ ဒီစခန်းတွေမှာ အမှန်တကယ်လိုအပ်နေတယ်ပေါ့နော်။ စစ်ဘေးရှောင်တွေမှာလည်း ချမ်းတယ်၊ အနွေးထည်တွေ လိုအပ်နေတယ်။ အဲဒီအပေါ်မှာ လိုအပ်ချက်အရ သွားလှူတာပါဟု ပြောသည်။

 

ယခုကဲ့သို့အအေးပိုသည့်ဆောင်းရာသီတွင် စစ်ဘေးရှောင်များအနေဖြင့် အနွေးထည်နှင့်စောင်များ အရေးတကြီးလိုအပ်နေရာ ယခုကဲ့သို့ လာရောက်လှူဒါန်းပေးသည့်အတွက်  ကျေးဇူးအထူးတင်ကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

 

အရမ်းဝမ်းသာပါတယ်။ အခုလို ဆောင်းရာသီမှာ အနွေးထည်မလုံလောက်တာကတစ်ကြောင်းစောင်မလုံလောက်တာကတစ်ကြောင်း ဒုက္ခဖြစ်နေတဲ့ အဲလိုချိန်မှာ အခုလို ရတော့ အရမ်းကျေးဇူးတင်ပါတယ်ဟု ပြောသည်။

 

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် မြို၊ ခမီတိုင်းရင်းသားအများစု နေထိုင်ပြီး စစ်ဘေးရှောင် ၅ဝဝ ကျော်ရှိကာ သူတို့သည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျောက်တော်မြို့နယ် ပညာဝ၊ ငစွယ်နှင့် ပါချေ စသည့်ကျေးရွာတို့မှ ထွက်ပြေးခိုလှုံနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ