သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

အိန္ဒိယကတည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်းကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် မကြာမီတိုးမြှင့်ဖွင့်လှစ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၀  /၂ဝ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိန္ဒိယနိုင်ငံအစိုးရက တည်ဆောက်ထားသော စစ်တွေဆိပ်ကမ်းကို နိုင်ငံတကာဆိပ်ကမ်းအဖြစ် မကြာမီ တိုးမြှင့်ဖွင့်လှစ်တော့မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ကုန်စည်များ တိုက်ရိုက်ကူးသန်းနိုင်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းတွင်ပါဝင်သေ စစ်တွေဆိပ်ကမ်းတွင် တည်ဆောက်မှုလုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားကို မကြာမီပြုလုပ်သွားမည်ဟု ဆိုသည်။

သို့ရာတွင် ဖွင့်ပွဲပြုလုပ်မည့်ရက်ကို တိတိကျကျ မသတ်မှတ်ရသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ သူ၏ လူမှုကွန်ယက် စာမျက်နာတွင် ရေးသား ပြောဆိုသည်။

အိန္ဒိယနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဆာဘာနန္ဒဆိုနိုဝယ် (Sarbananda Sonowal)ကလည်း စစ်တွေဆိပ်ကမ်းကို အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုခဲ့ကြောင်း အိန္ဒိယအခြေစိုက် NDTV သတင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်လွှင့်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူအချို့ကမူ အဆိုပါဆိပ်ကမ်းကို ယခု ဇန်နဝါရီလအတွင်း ဖွင့်လှစ်ရန်စီစဉ်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံဘက်မှ ကုန်တင် သင်္ဘောကြီးတစ်စီး စစ်တွေသို့လာနေပြီး ယင်းသင်္ဘောကြီး ဆိုက်ရောက်ပြီးနောက်မှသာ ဖွင့်ပွဲပြုလုပ်နိုင်မည်ဟု ပြောသည်။

တစ်ဘက်တွင်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၉ ရက်တွင် သံတွဲနှင့် ငပလီမြို့သို့ ထိုင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermphon Srisawasdi နှင့် အတူ ထိုင်း-မြန်မာနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ကော်မတီအစည်းအဝေးကို (8th High Level Committee Metting) သို့တက်ရောက်ရန် ရောက်ရှိနေပြီး ယင်းမှတဆင့် ယခုရက်ပိုင်းအတွင်း စစ်တွေသို့လာရောက်နိုင်ဖွယ်ရှိသလို သူ စစ်တွေသို့ရောက်ရှိချိန်တွင် အဆိုပါဆိပ်ကမ်းကို ဖွင့်လှစ်နိုင်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တွေဆိပ်ကမ်းကိုဖွင့်လှစ်ပြီးပါက ရခိုင်နှင့် အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်ကုန်စည်ကူးသန်းနိုင်မည် ဖြစ်သည့်အတွက် ဗမာပြည်နှင့် ရခိုင်ပြည်အတွက် အကျိုးရှိလာနိုင်သည်ဟု ရခိုင့်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်သည်။

အထူးသဖြင့် ရခိုင်ပြည်အတွက် ပိုပြီးတော့ ကုန်သွယ်မှုလွတ်လပ်ခွင့်သာ အမှန်တကယ်ရလာတယ် ဆိုရင် သွင်းကုန်ပို့ကုန်လုပ်ငန်းတွေအတွက် အားသာချက်ဖြစ်လာမယ်ပေါ့။ ဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိတယ်။ ရခိုင်ပြည်အတွက်တော့ ဘာဖြစ်လဲဆိုတော့ လောလောဆယ် အားသာချက်ရှိတဲ့ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာ အိန္ဒိယတို့အပါအဝင် တခြားနိုင်ငံတွေကို ပို့နိုင်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေပေါ့နော်။ စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုပြီး အားစိုက်ပြီးတော့ ထုတ်လုပ်ဖို့လိုလာမယ်လို့ မြင်တယ်ဟု ပြောသည်။

ယခုဖွင့်လှစ်ရန်ရှိသည့် စစ်တွေဆိပ်ကမ်းကို အိန္ဒိယအစိုးရ၏ကုန်ကျငွေများဖြင့် ၂ဝဝ၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရက BOT စနစ်ဖြင့် နှစ်(၃ဝ)ကြာ ငှားရမ်းလုပ်ကိုင်သွားမည်ဟု သိရသည်။

ယခုဆိပ်ကမ်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်စည်ကူးသန်းမှုလွယ်ကူစေရန်အတွက် တည်ဆောက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ၂ဝ၁၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြုပ်နှံ ထားကာ  စစ်တွေမှ ပလက်ဝအထိ ရေကြောင်းကနေ ကုန်ပစ္စည်းများကို ပို့ဆောင်ရန်နှင့်  ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည် နယ်ကို ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် ဖြစ်သည်။

အဆိုပါစီမံကိန်းတွင်  ခိုင်ပြည်နယ် စစ်တွေမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ ဆိပ်ကမ်းတစ်ခုစီ တည်ဆောက်ထားပြီး စစ်တွေမှတဆင့် ကုလားတန်မြစ်အတိုင်း ပလက်ဝမြို့သို့သွားရောက်ကာ ယင်းမှတဆင့် မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်မှ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိသော နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေပြီဟုလည်း အိန္ဒိယအခြေစိုက် NDTV သတင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖော်ပြခဲ့သည်။

အဆိုပါကားလမ်းဖောက်လုပ်ပြီးစီးရန် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်ပြီး ယင်းကားလမ်းဖောက်လုပ်ပြီးစီးပါက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။

ဓာတ်ပုံ - မကြာမီဖွင့်လှစ်တော့မည့် စစ်တွေဆိပ်ကမ်းကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ