သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ရှိ တရားရုံးများတွင်စစ်တပ်တရားလိုများအကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်သဖြင့် တရားရင်ဆိုင်နေရသူများအတွက် အထူးနစ်နာမှုဖြစ်နေ၊


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

နိရဉ္စရာ၊ ဇန်နဝါရီ၂၁/၂၀၂၃

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စွဲဆိုထားသော အမှုအများအပြားတွင်  စစ်ကောင်စီက တရားလိုများ အကြိမ်ကြိမ်ရုံးချိန်း မရောက်သဖြင့် အမှုရင်ဆိုင်နေရသူ သာမာန် အရပ်သား ပြည်သူများအနေဖြင့် အထူးနစ်နာနေရသည်ဟု မိသားစုများက ပြောသည်။

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့်ပါ တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နယ် ကာဒီရွာမှ ဆန်စက်ပိုင်ရှင်၏ အမှုကို စစ်ဆေးရန် ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်က ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က တရားလို ရောက်မလာသဖြင့် (၅) ကြိမ်မြောက် အမှုကို မစစ်ဆေးဘဲ  ရုံးချိန်းထပ်မံ ရွေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ရခိုင်က တရားသူကြီးဆိုတာ စစ်တပ်နဲ့ ဆိုင်တဲ့ အမှုတွေဆို ဘာမှ မလုပ်ရဲဘူး။ သူတို့က ညွှန်ကြားတဲ့အတိုင်း အပြစ်ပေးနေရတာ။ ရခိုင်က အေအေနဲ့ ဆက်စပ်ပြီး ဖမ်းထားတဲ့သူတွေရဲ့ အမှုတွေအကုန်လုံး စစ်တပ်တရားလိုက ပုံမှန်မရောက်တဲ့ အတွက် နှစ်နဲ့ချီပြီး ဆုံးဖြတ်ချက် မချနိုင်တဲ့ အမှုတွေရှိတယ်။ ဒါပေမယ့် ဒီအတိုင်းကြည့်နေရတယ်။ အမှုသည်တွေဘက်က ခုလိုမျိုးဖြစ်နေတော့ အထူးနစ်နာမှုတွေရှိနေတယ်ဟု ပြောဆိုသည်။
ကျောက်တော်မြို့နယ် ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း (၄၃) နှစ်ကို အမှုစစ်ဆေးရန် ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ယခင်ရက်များကနည်းတူ တရားလိုမရောက်၍ မည်သည့် စစ်ဆေးမှုမျှ မပြုလုပ်ခဲ့ရဘဲ ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။

ဇနီးဖြစ်သူက  အခြေအနေက ဘာမှမထူးဘူး။ ရုံးထုတ်လာပြီး ခဏနေ ပြန်ခေါ်သွားတာပဲ။ တရားလိုလည်း မရောက်ဘူး။ တရားလိုမရောက်တာ ၄ ကြိမ်၊ ၅ ကြိမ်လောက်ရှိပြီ။ ကျမအမျိုးသားနဲ့တော့ စကားနည်းနည်းတော့ ပြောလိုက်ရတယ်ဟုပြောသည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်ကို ထပ်မံရွေ့ဆိုင်းလိုက်သည်ဟု ဦးလှမောင်သန်း၏ အိမ်ရှင်မဖြစ်သူက ပြောသည်။ဦးလှမောင်သန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က ကျောက်တော် ကန်စောက်အခြေစိုက် (၅၃၉) တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည့်အတွက် အဖော်ဖြစ်သူတစ်ဦးနှင့် သွားရောက်တွေ့ဆုံရာတွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ဦးလှမောင်သန်း၏ ဇနီးဖြစ်သူ ဒေါ်လှအေးဆန်းက သူမ၏ ယောက်ျားဖြစ်သူ စစ်တပ်က တွေ့ဆုံရန် ခေါ်ယူပြီးနောက် ပျောက်ဆုံးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သဖြင့် နိရဉ္စရာသတင်းဌာအပါအဝင် သတင်းဌာနများက သတင်းရေးသား ဖော်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က သူတို့ကို ဖမ်းဆီးခဲ့ခြင်းမရှိဟု လိမ်ညာငြင်းဆိုခဲ့သေးသည်။

ဖမ်းဆီးခံရပြီး ၂ လကျော်ကြာမှ ဒီဇင်ဘာ ၆ ရက်နေ့တွင်မှ  စစ်တွေတရားရုံးတွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ကာ ချုပ်ရက် ရမန်ယူခဲ့ပြီး နောက်ရုံးချိန်းတွင် စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ ဖြင့် ထပ်တိုးတရားစွဲဆိုခဲ့သေးသည်။

လက်ရှိတွင် ဦးလှမောင်သန်းမှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်စစ်ဆေးခဲ့သည့် ဒဏ်ကြောင့် ဦးခေါင်းချပြီး အိပ်၍မရအောင်ပင်ဖြစ်နေသည်ဟု သူ့အိမ်ရှင်မဖြစ်သူ ဒေါ်လှအေးဆန်းကပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့  တကျော့ပြန် တိုက်ပွဲပြင်းထန်ခဲ့သည့် ကာလအတွင်းတွင် စစ်ကောင်စီက ရခိုင်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားပြည်သူများ ရာနှင့်ချီ၍ကို မတရားဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ(၁၃၁) တို့ဖြင့် တရားစွဲဆိုထားသည်။

တရားစွဲခံထားရသူများ၏ ရုံးချိန်းကို စစ်ကောင်စီတရားလိုများမှ ဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲ အကြိမ်ကြိမ် ရုံးချိန်းပျက်ကွက်နေသဖြင့် ထောင်ထဲကနေ နှစ်ရှည်လများ အမှုရင်ဆိုင်နေရသူများအနေဖြင့် အထူးနစ်နာမှုများရှိနေကြောင်း သိရှိရသည်။

ရခိုင်တွင် နိုင်ငံရေးအမှုဖြင့် တရားစွဲဆိုခံထားရသူများ၏ ရုံးချိန်းများကို  စစ်ကောင်စီ တရားလိုများမှ ရုံးချိန်းရက်များကို မလာဘဲ ရက်ရွေ့ဆိုင်းနေသည်မှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး မတရားဖမ်းဆီး ချုပ်နှောင်ခြင်းသာဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက နိရဉ္စရာကို ပြောဆိုထားသည်။

ဆက်စပ် သတင်းများ