နိရဉ္စရာ၊
ဇန်နဝါရီ ၂၁/၂၀၂၃
ရခိုင်တွင်
နှစ်ဖက်အပစ်ရပ်ပြီးနောက် လမ်းများပြန်ဖွင့်ထားပြီဖြစ်သော်လည်း
စက်သုံးဆီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
စက်သုံးဆီဈေးနှုန်းများမှာ
အဆမတန်မြင့်တက်နေဆဲဖြစ်သဖြင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေကြသူများ၊
ခရီးသည်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဒေသအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့်
အထူအခက်အခဲများနှင့်
ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယနေ့
ဇန်နဝါရီလ ၂၁ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်ကြီးတစ်ဆိုင်ဖြစ်သည့် ရွှေရိုးမဆီဆိုင်တွင်
အောက်တိန်း 92တစ်လီတာကို
၂၄၅၀ ကျပ်၊ အောက်တိန်း 95တစ်လီတာလျှင် ၂၅၃၀ ကျပ်၊
ပရီမီယမ်တစ်လီတာလျှင် ၂၇၀၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၆၂၅
ကျပ်နှင့်
ရောင်းချနေပြီး စက်သုံးဆီဈေးနှုန်းများမှာ တစ်နေ့တစ်မျိုးပြောင်းလဲနေပြီး
ဆီဈေးနှုန်းများ
ပြန်ကျနိုင်ခြေရှိ၊မရှိကို
မသိနိုင်သေးဟု
ရွှေရိုးမဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်တစ်ချို့တွင်မူ
အောက်တိန်းတစ်လီတာလျှင် ကျပ် ၂၇၀၀ ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း
ဒေသခံများကပြောသည်။
ယခုအခါတွင်
ရခိုင်ပြည်အတွင်း စက်သုံးဆီဈေးနှုန်းများ အဆမတန်ဆက်လက်မြင့်တက်နေဆဲ ဖြစ်သဖြင့်
လူနာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကျောက်တော်မြို့မှ
ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုက နိရဉ္စရာသို့ပြောသည်။
"ကျနော်တို့အခုဆိုရင်
လူနာတွေပို့တဲ့အခါ တတ်နိုင်သလောက် ဆီဖိုးကို စေတနာနဲ့လှူဒါန်းပေးဖို့ အကူအညီတောင်းခံရပါတယ်။ ဆီဖိုးတွေကလည်း
အဆမတန်မြင့်တက်နေတော့ ကျနော်တို့မှာလည်း အခက်အခဲတွေရှိတယ်ဆိုပြီး
တတ်နိုင်သလောက်ကူညီပေးပါဆိုပြီး အကူအညီတောင်းခံရတာတွေ ရှိပါတယ်။ အရင်တုန်းကဆီဈေးတွေသက်သာတော့ စစ်တွေနဲ့ကျောက်တော်ကို
ဆီခ သုံးသောင်းလောက်ပဲ
ကုန်ပါတယ်။ အဲဒီတုန်းကတော့ အခမဲ့ပို့ပေးနိုင်ပါတယ်။ အခုကျတော့
ဆီရှစ်သောင်းဖိုးထည့်မှ စစ်တွေနဲ့ ကျောက်တော် အလားအလာရပါတယ်။
ကျနော်တို့ လူနာတင်ကားတွေက အဲယားကွန်းကို
ဖွင့်ပြီးသွားနေရတော့လေ။ အခုကလုံးဝအခက်အခဲရှိတဲ့ လူနာတွေကိုပဲ
အခမဲ့ပို့ပေးနိုင်ပါတယ်။ တတ်နိုင်သလောက်တော့ အကူအညီတောင်းနေရပါတယ်
ကျနော်တို့ကို ကူညီပေးပါဆိုပြီးတော့" ဟုပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့်
အေအေတို့တကျော့ပြန်တိုက်ပွဲများ ပြင်းထန်နေသည့်အချိန်က စစ်ကောင်စီ ကားလမ်း၊
ရေလမ်းအချို့ကိုပိတ်ပင်ထား၍ ရခိုင်တွင် စက်သုံးဆီဈေးနှုန်းမှာ
တစ်လီတာလျှင် ၃၀၀၀ ကျော်အထိမြင့်တက်သွားခဲ့ပြီး လက်ရှိတွင်လည်း
အနည်းငယ် ပြန်ကျသော်လည်း တစ်လီတာ ပျှမ်းမျှ
ကျပ် ၂၅၀၀ ပတ်ဝန်းကျင်ရှိနေသေးသည်ဟု သိရသည်။
ယခုအခါတွင်
အေအေနှင့်စစ်ကောင်စီတို့အပစ်ရပ်ထား၍ အဓိက ကုန်းလမ်း၊ရေလမ်းများ
ဖွင့်ထားသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်သော်လည်း
စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ် ၂၅၀၀ ကျော်အထိ
မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
(NN-8)