သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

နယ်မြေအခြေအနေများတည်ငြိမ်လာသဖြင့် ရခိုင်ကနာမည်ကြီးဘုရားပွဲတော်များကို ပြန်ကျင်းပရန်စီစဉ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၃/၂ဝ၂၃

နှစ်ဘက် လက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ပြီးနောက် လက်ရှိနယ်မြေအခြေအနေများ တည်ငြိမ်လာပြီဖြစ်သဖြင့် ရခိုင်တွင်နာမည်ကြီးဘုရားပွဲတော်များကို စတင်ကျင်းပရန်စီစဉ်လာနေကြရာ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်ဂူဝဘုရားနှင့် စမြုံတော်ဓာတ် စေတီထီးတော်တင်လှူပွဲကိုလည်း များမကြာမီ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂေါပကအဖွဲ့ဝင် တစ်ဦးက အရင်နှစ်တွေကတော့ ကိုဗစ်တို့၊ တိုက်ပွဲတို့ဖြစ်နေချိန်က ကြီးကြီးကျယ်ကျယ်မကျင်းပနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ ဒေသတွင်းအခြေအနေတွေကလည်း အေးချမ်းနေတော့ ပုံမှန်အတိုင်း စည်စည်ကားကား ကျင်းပဖို့ စီစဉ်ထားကြပါတယ်ဟု ပြောသည်။

အဆိုပါဘုရားပွဲကို လာမည့် ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တို့တွင် ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး

စမြုံတော်ဓာတ်စေတီတော် ထီးတော်အသစ်တင်လှူပွဲ၊ ဘုရားအနေကဇာတင်ပွဲ၊ ဆွမ်းစိမ်းလောင်းပွဲ၊ လွန်ဆွဲပွဲ၊ ချောတိုင်တက်ပွဲ၊ ဘောလုံးပွဲနှင့် ရခိုင်အဆိုတော်အချို့ဖြင့် စင်တင်တေးဂီတအစီအစဉ်များကို ထည့်သွင်း ကျင်းပသွားမည်ဟု ၎င်းက ဆက်ပြောည်။

ဂူဝဘုရားသည် ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ရွာဟောင်းရပ်ကွက်၊ ရန်ကုန်-စစ်တွေကားလမ်းမဘေးရှိ စမြုံတော်ဓာတ်စေတီတော်အနီးတွင် တည်ရှိသည်။

မြောက်ဦးခေတ်တွင် ရခိုင်ဘုရင် မင်းဗာကြီးက ကောဇာသက္ကရာဇ် ၂၈၇ ခုနှစ်၌ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဂူဝဘုရားသည် ကျောက်တစ်လုံးတည်းတွင် ဂူပေါက် ၁၁ ပေါက်အထိထွင်းထုထားပြီး ဂူပေါက် ၁ ပေါက်စီတွင်လည်း ထိုင်တော်မူဗုဒ္ဓဆင်းတုတော်များကို ထွင်းထုထားသည်။

စမြုံတော်ဓာတ်စေတီသည် ဂူဝဘုရားအနီးတွင်တည်ရှိပြီး ကောဇာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းက တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည်။

ဆက်စပ် သတင်းများ