သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များသို့ စားနပ်ရိက္ခာထောက်ပံ့မှုကို ICRC ကရပ်တန့်ပြီး WFP က ဆက်လက်ကူညီသွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၃

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC ) မှ ရခိုင်စစ်ဘေးရှောင်များ(IDPs) များသို့ ားနပ်ရိက္ခာထောက်ပံ့မှုများကို ရပ်တန့်ပြီး  ၎င်းထောက်ပံ့မှုကို ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် (WFP)က  တာဝန်လွှဲပြောင်းယူကာ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

 

မြောက်ဦးမြို့နယ်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC ) မှ တာဝန်ယူကာ စားနပ်ရိက္ခာထောက်ပံ့ပေးသည့် တိမ်ညို၊ မြတောင်၊ စင်းဘောကိုင်း၊ မြို့သစ်၊ ရွှေထီးဆောင်း စခန်းစသည့် စစ်ဘေးရှောင် စခန်း (၅) ရှိပြီး အဆိုပါ စခန်းများအား စားနပ်ရိက္ခာများကို ယခုလ ဇန်နဝါရီကို နောက်ဆုံးထောက်ပံ့မည်ဖြစ်ပြီး နောက်ပိုင်းလမှစတင်ပြီး  WFP ကသာ စားနပ်ရိက္ခာကို တာဝန်ယူထောက်ပံ့ပေးမည်ဟု သိရကြောင်း တိမ်ညိုစစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးဦးစိုးနိုင်က  နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

 " စစ်ဘေးရှောင်တွေားနပ်ရိက္ခာထောက်ပံ့မှုအပိုင်းကို သူတို့ WFP နဲ့လွှဲပြောင်းပေးလိုက်တယ်လို့ ပြောပါတယ်။ နောက်ပိုင်းကိုတော့ WFP ကတာဝန်ယူ ဆက်လက်ထောက်ပံ့မယ်ပြောပါတယ်"ဟု ပြောသည်။ 

 

ယခုကဲ့သို့ WFP ကိုတာဝန်လွှဲအပ်မှုမှာ ဆန်၊ ဆီ၊ ဆား မီးဖိုချောင်သုံး ားနပ်ရိက္ခာများသာဖြစ်ပြီး ကျန်သည့် ကျန်းမာရေး၊ ရေ၊ မိလ္လာများ ကိစ္စကို ဆက်လက် ကူညီထောက်ပံ့မှုများကို ပုံမှန်အတိုင်း ICRC က လုပ်ဆောင်သွားမည့်သဘောမျိုး ပြောဆိုခဲ့ကြောင်း သူကဆက်ပြောသည်။ 

 

"ICRC က မိလ္လာရော၊ ရေရော အကုန် ICRC က တာဝန်ယူထားတာ။ WFP က စားနပ်ရိက္ခာပဲ ကူညီတာလေ။ အားလုံးကို လုံးလုံးလွှဲတာမဟုတ်ဘဲ စားနပ်ရိက္ခာအပိုင်းကို WFP ကို လွှဲပေးပြီး ကျန်အပိုင်းကို သူတို့ပဲတာဝန်ယူသွားမယ့် သဘောမျိုးလို့ နားလည်လိုက်ပါတယ်"  ဟု ပြောသည်။

 

ICRC က တာဝန်မယူတော့ချိန်တွင် WFP က ပုံမှန် ရိက္ခာမရောက်ရှိပါက အခက်အခဲ ဖြစ်နိုင်၍ စိုးရိမ်စိတ်ဖြစ်မိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ 

 

စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင်မူ ပြီးခဲ့သည့် (၇) လခန့်ကတည်းက စားနပ်ရိက္ခာထောက်ပံ့မှုများအား  ICRC က တာဝန်မယူဘဲ WFP ကလွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး တစ်လလျှင် တစ်ဦးကို ၂၁၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးကြောင်း သိရသည်။ 

 

ယခုကဲ့သို့ ICRC က စားနပ်ရိက္ခာထောက်ပံ့မှုရပ်တန့်ခြင်းအပေါ်  "လုံးလုံး ထောက်ပံ့မှု ဖြတ်တောက်တာမျိုးတော့မဟုတ်ပါဘူး။ WFP က စားနပ်ရိက္ခာထောက်ပံ့တဲ့အတွက် ဒီအပိုင်းကို WFP ကိုလွှဲပြီး ICRC က တခြားအပိုင်းတွေပဲ ဆက်တာဝန်ယူသွားမယ့်သဘောမျိုးပါ"ဟု NGO သတင်းရင်းမြစ် တစ်ခုက အတည်ပြုပြောဆိုသည်။ 

 

၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ရခိုင်မှ စစ်ဘေးရှောင် နှင့် ကယ်ဆယ်ရေးစခန်းများအား လူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့မှုများအား ထောက်ပံ့ခွင့်မပြုဘဲ ရပ်တန့်ထားခဲ့သည်ံ့အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ရင်ဆိုင်ခဲ့ကြရသည်။ 

 

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်က ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အေအေတို့ အလွတ်သဘော အပစ်ရပ်ပြီးနောက် ဒီဇင်ဘာလမှ လူသားချင်းဆိုင်ရာအကူအညီများ ပြန်လည် ထောက်ပံ့ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ စစ်ဘေးရှောင်များ ပြောဆိုမှုနှင့် ပတ်သက်ပြီး  ICRC နှင့် WFP ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပြီး ၎င်းအဖွဲ့အစည်းများထံမှ တုံ့ပြန်ပြောဆိုမှုကို မရရှိသေးပါ။(NN-7)

 

 Photo by WFP

ဆက်စပ် သတင်းများ