သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဆရာအောင်လင်းဟိန်း(Sky)၏ “ပံ့သကူအက်ဆေးများ”စာအုပ်ထွက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

(စာအုပ်ရောင်းရငွေကို ရခိုင်မှ စစ်ဘေးရှောင်ကလေးများနှင့် ရွေ့လျားစာကြည့်တိုက်များအား ထောက်ပံ့မည်ဟုဆို)

နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/ ၂ဝ၂၃

ဆရာ အောင်လင်းဟိန်း(Sky) ရေးသားသည့် ပံ့သကူအက်ဆေးများစာအုပ်  ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် စတင်ထွက်ရှိလာပြီး စစ်တွေအပါအဝင် နေရာအချို့တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေတွင် အင်္ဂလိပ်စကားပြောသင်တန်းပြဆရာတစ်ဦးဖြစ်သည့် ဆရာ အောင်လင်းဟိန်း(Sky)သည် ပြည်ပထုတ် ဂျာနယ်နှင့်သတင်းစာအချို့နှင့် ရခိုင်ပြည်တွင်းရှိ ဂျာနယ်၊ စာစောင်များတွင် အလွတ်တန်း သတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သလို ရခိုင်ပြည်တွင်း ထုတ်ဝေသည့် မဂ္ဂဇင်းများတွင်လည်း သုတ၊ ရသစာပေများကို ရေးသားနေသူ ဖြစ်သည်။

ယခုစာအုပ်သည် သူ၏ စာပေဖြတ်သန်းမှု ၁၅ နှစ်တာကာလအတွင်း သတင်း၊ မီဒီယာ၊ စာပေနှင့်ပတ်သက်၍ သူ၏ အတွေ့အကြုံများကို ရေးသားထားသည့် သူ၏ ပထမဆုံး လက်ရာ အက်ဆေးစာအုပ်ဖြစ်သည်။

ထိုစာအုပ်တွင် အက်ဆေးပေါင်း ၁၉ ပုဒ် ပါရှိပြီး တစ်အုပ်လျှင် ၃၅ဝဝ ကျပ်ဖြင့် စစ်တွေရှိ သုခမိန်စာအုပ်ဆိုင်နှင့် လင်းစာပေဆိုင်တို့တွင် ယနေ့မှစတင်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

ယင်းစာအုပ်ရောင်းရငွေများကိုလည် ကိုယ်ကျိုးအတွက်မသုံးစွဲဘဲ ရခိုင်မှ ရွေ့လျား စာကြည့်တိုက်များနှင့် စစ်ဘေးရှောင်ကလေးများအား ထောက်ပံ့ပေးသွားမည်ဟု စာရေးသူ ဆရာအောင်လင်းဟိန်း (Sky) က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နယ်ဘက်များတွင် စာအုပ်စာပေဖတ်ရှုသည့်အလေ့အထများ အလွန်တရာနည်းပါးနေစဉ် ပြီးခဲ့သည့်နှစ်များမှစတင်ကာ မြို့နယ်အများအပြားတွင် အခမဲ့ ရွေ့လျားစာကြည့်တိုက်များ ပေါ်ထွက်လာသည်မှာ အားရကျေနပ်စရာကောင်းသည်ဟု ပြောသည်။

ရွေ့လျားစာကြည့်တိုက်တွေ မြို့နယ်အသီးသီးမှာ နာမည်အသီးသီးနဲ့ ပေါ်ပေါက်လာတယ်ပေါ့။ ဆိုတော့ သူတို့တွေ အားကောင်းဖို့လည်း လိုအပ်တယ်။ ဒါကြောင့် သူတို့တွေကိုလည်း ထောက်ပံ့သွားဖို့ စဉ်းစားထားတာပါ ဟု ပြောသည်။

ယင်းအပြင် စာအုပ်ရောင်းရငွေဖြင့် ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်ကလေးများ၏ ပညာရေးအတွက် လိုအပ်သည့် အထောက်အပံ့အချို့ကိုလည်း ထောက်ပံ့ပေးသွားမည်ဟု ပြောသည်။

ကိုယ့်ဉာဏ်နဲ့ရေးပြီးတော့ နှလုံးသားနဲ့ရေးထားတဲ့စာအုပ်ထဲက စာမူထဲက ပရိသတ်က ဖတ်ရှုပြီးတော့ အားပေးကြတဲ့ ပိုက်ဆံတွေကို ကိုယ့်အကျိုးစီးပွားအတွက်မဟုတ်ဘဲ အဲလို စစ်ရှောင်စခန်းက လိုအပ်နေတဲ့ ကလေးတွေအတွက် ပုံပြင်စာအုပ်ဖြစ်ဖြစ်၊ ပညာရေးအတွက် လက်လှမ်းမီသလောက် တစ်ခုခုအဆင်ပြေအောင်တော့ ကူညီသွားမယ်လို့ မှန်းထားပါတယ်ဟု ပြောသည်။

စာအုပ်ရောင်းရငွေများအား ထောက်ပံ့ရာတွင် ရွေ့လျားစာကြည့်တိုက်များကို ငွေသားဖြင့် ထောက်ပံ့သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ကလေးများကို လိုအပ်သည့် စာရေးကိရိယာနှင့် ကလေးဖတ်စာအုပ်များအား ပေးပို့ထောက်ပံ့သွားမည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ