စနေ၊ ဒီဇင်ဘာလ ၂ရက်၊ ၂၀၂၃

လူသိများသည့် ရခိုင်လူမှုရေးလှုပ်ရှားသူလူထုဇော်ဝင်းအပါအဝင် အရပ်သား ၃ဦးကို ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ၊ ဇန်နဝါရီ ၂/၂၀၂၃

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှားသူ လူထု ဦးဇော်ဝင်းအပါအဝင် အရပ်သား ၃ ဦးအား ယမန်နေ့ နေ့လယ်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုတွင် ပါဝင်သည့် တရားခံပြသက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။  

သူတိုနှင့် နီးစပ်သူ တစ်ဦးက နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ကိုဇော်မိုးထက်ရဲ့ ဖခင်ဖြစ်သူကို စစ်ဆေးခဲ့ပါတယ်။ အချိန်မရလို့လားတော့ မသိဘူး။ ဦးဇော်ဝင်းနဲ့ းကျော်သန်းမောင်တို့ရဲ့  တရားခံပြသက်သေတွေကို မစစ်ဆေးခဲ့ဘူး။ လာမယ့် ရုံးချိန်းမှာစစ်ဆေးမယ်လို့သိရပါတယ်ဟု ပြောသည်။

ရုံးချိန်းကို လာမည့် ဇန်နဝါရီ ၂၇ ရက်ကို ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။

ကိုဇော်မိုးထက်၏ မိသားစုဝင်တစ်ဦးက သူက ကိုယ့်ဟာကိုယ် ဆေးလိပ်ကုမ္ပဏီမှာ အလုပ် လုပ်နေတာ။ ရခိုင်တစ်ပြည်နယ်လုံးကို ဖြန့်နေရတာ။ တစ်လမှာမှ သူအိမ်ကို ၃ ရက်လောက်ပဲ ရောက်တယ်။ ၃ ရက်လောက်နားပြီး ပြန်ခရီးထွက်ရပြီ။ သူ့မှာ တစ်ယောက်နဲ့မှ ချိတ်ဆက်ချိန်လည်း မရဘူး။ သူ့အလုပ်ကို သူလုပ်စားနေတာပါ ဒီလိုပဲ တရားရုံးမှာ မိသားစုတွေက ထွက်ဆိုပါတယ် ဟု ဆိုသည်။

ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရာစွဲဆိုခံထားရသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း(၄၃)နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်ကြသည်။

 ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက် တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ရက်တွင် သူတို့ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းအနက် ကိုဇော်ဝင်းကို အဆိုပါနေ့ နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပြီး ဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့အဝင် စိုက်ပျိုးရေးသိပ္ပံ လမ်းဆုံ၌ ဖမ်းဆီးသွားခြင်းဖြစ်သည်။

သူတို့ ၃ ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက် လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်ဟု သိရသည်။ ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့သည့် ကာလအတွင်းတွင် စစ်ကောင်စီက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် အရပ်သား ပြည်သူများ ရာနှင့်ချီ၍ကို မတရားဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)/(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၃၁) တို့ဖြင့် တရားစွဲဆိုမှုများရှိနေသည်။ (NN-3)

ဆက်စပ် သတင်းများ