သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦး၏အမှု ၇ ကြိမ်တိုင်တိုင် စစ်ကောင်စီတရားလိုမရောက်၊ တရားသူကြီးပါ ဥပဒေကိုချိုးဖောက်ကာမျက်ကွယ်ပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၅/၂၀၂၃

ရက္ခိုင့်တပ်တော် (AA) ကို သတင်းပေးပို့သည်ဟုဆိုက မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် ရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာသား၂ဦး၏ အမှုကို စစ်ဆေးရန် ဇန်နဝါရီ ၂၄ ရက်၌ ရုံးချိန်းရှိသော်လည်း စစ်ကောင်စီတရားလိုများမရောက်၍ (၇) ကြိမ်မြောက် ရုံးချိန်းထပ်မံ ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းရရှိသည်။

ထိုသို့ စစ်ကောင်စီတရားလိုများ (၇)ကြိမ်တိတိရုံးချိန်းပျက်ကွက်သဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် တရားခံများဘက်က အထူးနစ်နာမူများရှိနေ၍  မြို့နယ်တရားသူကြီးအနေဖြင့်  ဥပဒေကိုမျက်ကွယ် ပြုထားမှုမှာ မဖြစ်သင့်ဟု အမည်မဖော်လိုသူ ဥပဒေဝန်ထမ်းတစ်ဦးက ဝေဖန်ပြောဆိုသည်။

တရားလိုကို ဘယ်နေ့၊ ဘယ်ရက်မှာရုံးချိန်းထားတယ်။ သက်သေအဖြစ် စစ်ဆေးခံလာရမယ်လို့ တရားရုံးက သမ္မာန်စာထုတ်လိုက်တယ်ပေါ့။ ရဲကတဆင့်။ တရားလိုကလည်း အဲဒါကို လက်ခံရရှိပြီး သိနေတယ်။ အဲဒီလို သမ္မာန်စာ သုံးကြိမ်တိုင်တိုင် အတည်ဖြစ်ရဲ့သားနဲ့ မလာဘူးဆိုရင် တရားရုံးက တရားသူကြီးအနေနဲ့ သူကို ဖမ်းဝရမ်းထုတ်ပြီးတော့ ဖမ်းပြီးခေါ်ယူခဲ့၊ အဲလိုမျိုး သမ္မာန်စာထုတ်လို့ ရတယ်ပေါ့ဟု ပြောသည်။

တရားလိုသည် မည်သူဖြစ်စေ နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ တစ်စုံတစ်ဦးက မလိုက်နာပါက တရားရေးဌာနအနေဖြင့် ဥပဒေအရာရှိများ၊ ဥပဒေကို ကာကွယ်ပေးသူများနှင့်ပေါင်းစပ် ညှိနိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သူက ပြောကြားသည်။

အဲဒါက တရားသူကြီးက လုပ်ရမှာလေ။ အခုတရားသူကြီးကလည်း မလုပ်ဘဲ။  တုန့်နှေး တုန့်နှေး လုပ်နေကြတာ။ တရားသူကြီးကလည်း အဲဒါကို ကျင့်သုံးချင်သုံးတယ် မသုံးချင်မသုံးဘူး။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင် သိတဲ့အတိုင်းပါပဲ။ အမှန်အတိုင်းဆိုလို့ရှိရင် တရားလိုဘက်က သက်သေတွေ လာမယ်၊ ပြုမယ်ဆိုတာက နိုင်ငံတော် ဥပဒေအရာရှိတွေမှာလည်း တာဝန်ရှိပါတယ်။ တရားရေးဌာနက ပေါင်းစပ်ပြီးတော့ လုပ်ရပါမယ်ဟုပြောသည်။

ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ဒေသခံပြည်သူ ၂ ဦးဖြစ်ကြသည့်  ဦးသိန်းတန်(၄၇) နှစ် နှင့် ဦးတင်အောင်(၅၀)နှစ်တို့ကို  ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ယခင်ရက်များကကဲ့သို့ စစ်ကောင်စီ တရားလို ရောက်မလာခဲ့သဖြင့် () ကြိမ်တိုင်တိုင် ရုံးချိန်းရွှေ့ခဲ့ရသည်ဟု  မိသားစုဝင်များကပြောသည်။

သူတို့နှစ်ဦးကို လာမည့် ဇန်နဝါရီ ၃၁ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။

တရားလိုက ရုံးစလို့ထုတ်ကတည်းက တစ်ခေါက်မှ မရောက်သေးပါ။ တရားကို အမြန် တစ်ခေါက်လောက် စစ်ပေးစေချင်ပါတယ်။ တရားစစ်ရင်စစ်၊ မစစ်ရင်လွှတ်ပေးပါ။ အခုက ကျောက်ဖြူမြို့ကို သွားနေရတာ တစ်ပတ် တစ်ခါလိုဖြစ်နေပြီ။ တရားလိုကဘာလို့ မရောက်တာလဲ သိချင်တယ်။ ရုံးချိန်းတစ်ခါခေါ်ရင် ကျောက်ဖြူမြို့ပေါ်ကို သုံးဘီးတစ်စီး ငှားသွားရပါတယ်။ တစ်ခါသွားရင် ၁ သောင်း၊ ၁ သောင်းခွဲ ကုန်ပါတယ်။ အခု သူအဖမ်းခံထားရတော့ မိသားစု စားဝတ်နေရေးလည်း အရမ်းခက်ခဲနေပါတယ်ဟုဆိုသည်။

သူတို့နှစ်ဦးကို လက်ရှိတွင် ကျောက်ဖြူအကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ဦးသိန်းတန်မှာ ဖမ်းဆီးခံရသည့် အချိန်က ရိုက်နှက်စစ်ဆေးခံရသည့် ဒဏ်ကြောင့် နားထိုင်းနေသည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ထောင်မှာဆိုရင်လည်း သူတို့အတွက်ပေးတာကို အတိအကျမရောက်ဘူးလို့ပြောကြတယ်။ ဖမ်းဆီးတုန်းကလည်း ရိုက်နှက်စစ်ဆေးထားတဲ့အတွက် နားနည်းနည်း မကြားရဘူးပြောတယ်။ ဆေးတွေလည်း အထဲကိုဝယ်ပေးလို့မရဘူး။ နှာစေး၊ ချောင်းဆိုးရင်တောင် ပေးလို့မရပါ။ အိမ်က စားစရာ၊ သောက်စရာပို့ပေးလိုက်ရင်လည်း သူတို့ဆီကို အတိအကျမရောက်ဘူးပြောကြပါတယ်ဟုဆိုသည်။

သူတို့ နှစ်ဦးအထဲမှ ဦးတင်အောင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီခန့်က သူစာဖိုးမှူးလုပ်ကိုင်နေသည့် နတလကျောင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးသိန်းတန်ကိုမူ ယင်းနေ့ ည ၉ နာရီအချိန်ခန့်က ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်သား အင်အား ၁၀ ကျော်ခန့်က သူ့နေအိမ်အတွင်းမှ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ထို့နောက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် သူတို့နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၇(၁) ဖြင့် ချုပ်ရက်ရမန်ယူခဲ့ပြီး ယင်းနောက်ပိုင်းရုံးချိန်များကို တရားလိုများက လုံးဝ ရောက်လာခဲ့ခြင်း မရှိဘဲ ရုံးချိန်းရက်များကို အကြိမ်ကြိမ်ရွေ့ဆိုင်းနေသည်မှာ ယနေ့ရုံးချိန်းနှင့်ဆိုလျှင် ၇ ကြိမ်အထိရှိလာနေခြင်းဖြစ်သည်။

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ဒေသခံ ၃၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသည့် အထဲတွင် အစိုးရဝန်ထမ်းများလည်း ပါဝင်နေသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအထဲမှ တချို့ကို ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)(ခ) အစရှိသည်တို့ဖြင့် တရားစွဲဆိုထားကာ တချို့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း တွေ့ခွင့်မရဖြစ်နေသည်ဟု သိရသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တကျော့ပြန် တိုက်ပွဲပြန်လည် ပြင်းထန်လာသည့် သြဂုတ်လမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းမှ အရပ်သားပြည်သူများကို နေ့စဉ်ဆိုသလို ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်ခဲ့ပြီး  ထိုအထဲတွင် ကျောက်ဖြူမြို့နယ်သည် အဖမ်းအများဆုံး မြို့နယ်ဖြစ်သည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ