တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲ၍ မူဆလင်ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၆/၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတေင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ မူဆလင်ကလေးငယ် ၁ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကြောင်း သတင်းရရှိသည်။ 

ယနေ့  ဇန်နဝါရီ ၂၆ ရက် နေ့လယ် ၁၂ နာရီတွင် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း ( မူဆလင် ) ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ 

သေဆုံးသွားသူမှာ မာမက်နု (၁၁ နှစ်) ဖြစ်သည်။

ဒဏ်ရာအပြင်းအထန် ရရှိသွားသူများမှာ အသက် ၁၄ နှစ်အရွယ် ဂျာနီအာလာမ်၊ အသက် ၁၂ အရွယ် အော်ဇီးလ်အူလ္လာ နှင့် အသက် ၁၂ အရွယ် ရော်ဘီအူဟာဆောင်း တို့ဖြစ်ပြီး  ဒဏ်ရာများမှာ ပြင်းထန်ကြောင်း ဖိုးခေါင်ချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။ 

"ရွာသားတွေ အသံကြားလို့ သွားကြည့်မှ တွေ့ရတာပါ။ ဖြစ်တာကလည်း ၄ ယောက်လုံး ကလေးတွေကြီးပဲ။ တစ်ယောက်သေပြီး ၃ ယောက် ဒဏ်ရာရပါတယ်"ဟု ပြောသည်။ 

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်သည် စစ်ပွဲကာလအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သည့်နေရာ ဖြစ်ကြောင်း သိရသည်။ 

လက်ရှိမှာ ဒဏ်ရာရရှိသွားသည့် ကလေးငယ် ၃ ဦးမှာ ဘူးသီးတောင်မြို့နယ်အတွင်းက ရက္ခိုင်တပ်တော်၏ ဆေးခန်းတစ်ခုတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ 

ရခိုင်တွင် စစ်တပ်တပ်စွဲခဲ့သည့်နေရာများ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများတွင် မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများကြောင့် တောတောင်ကို မှီခိုစားသောက်နေရသည့် ဒေသခံပြည်သူများမှာ အသက်အန္တရာယ်စိုးရိမ်နေရသလို စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန်လည်း အခက်အခဲရှိနေသောကြောင့် မိုင်းရှင်းလင်းမှုများ ပြုလုပ်ပေးရန် ဒေသခံများက အထူးလိုလားနေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ်၊ နားဒင်ကျေးရွာမှ လူငယ်တစ်ဦးလည်း ထင်းခုတ်သွားစဉ်  မိုင်းနင်းမိပြီး ညာဘက်ခြေတစ်ဖက်ပြတ်သွားခဲ့ရသည်။ (NN-7)


ဆက်စပ် သတင်းများ