ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

မွေးရာပါစအိုပေါက်မပါသည့် ၂ နှစ်ကျော်အရွယ် ခမီကလေးအား ခွဲစိတ်ကုသရန် အလှူငွေ သိန်း ၇၀ ကျော်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.5k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၇/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာက ခမီတိုင်းရင်းသား ကိုလှမောင်နှင့် မစန္ဒာတို့၏ သားဖြစ်သူ အသက် ၂နှစ်ကျော်အရွယ် မောင်ထက်မြတ်အောင်အတွက် စအို ခွဲစိတ်ကုသရန် စေတနာရှင်များမှ လှူဒါန်းသည့်လှူငွေ ကျပ်သိန်း ၇၀ကျော်ရရှိသည်ဟု သတင်းရရှိသည်။


မောင်ထက်မြတ်အောင်ကို ခွဲစိတ်ကုသပေးနိုင်ရန် သင်္ကန်းကျွန်မြို့နယ်မှ အသက် (၆၀)အရွယ် ရခိုင်အမျိုးသမီးကြီး တစ်ဦးမှ အလှူငွေ ကျပ် ၃၅၀၀၀၀၀  (သုံးဆယ်ငါးသိန်း) လှူဒါန်းသည့် အပြင် ပြည်းတွင်း/ပြည်ပမှ စေတနာရှင် (တစ်ဦးချင်း/အစုအဖွဲ့အလိုက်) များမှလည်း Kpay/ Wave pay Account တို့ မှ ဝိုင်းဝန်း ကူညီပေးကြသည့် အလှူငွေ ကျပ် ၃၈၅၅၀၀ဝ (သုံးဆယ်ရှစ်သိန်း ငါးသောင်းငါးထောင်)ရရှိခဲ့ပြီး၊ စုစုပေါင်း ကျပ်ငွေ ၇၃၅၅၀၀ဝ တိတိ ရရှိခဲ့သည် ဟုသိရသည်။

မောင်ထက်မြတ်အောင် ဖခင်က ကျွန်တော့် သားလေးအတွက် ကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ အခု ကလေးကို ဆေးရုံတင်ထားတာ ၃ ရက်လောက်ရှိပါပြီ။ ဓါတ်မှန်ရိုက်လို့တော့ ပြီးပြီ၊ ဆေးထိုးပေးထားပါတယ်။ ဆေးရည်နဲ့ ဗိုက်ထဲဆေးတာတွေ လုပ်ပေးထားပါတယ်။ ဗိုက်ထဲက အစာတွေကို ရေနဲ့ဆေးပြီတော့မှ ခွဲမယ်ထင်တယ်။ ခွဲစိတ်မဲ့ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ သားလေးကတော့ ကျန်းကျန်းမာမာ ရှိနေပါတယ် ဟုပြောသည်။

မောင်ထက်မြတ်အောင်ကို ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းဆေးရုံတွင် ခွဲစိတ်ကုသ သွားမည်ဟုသိရသည်။

မောင်ထက်မြတ်အောင်၏ မိဖနှစ်ပါးမှာ သူတို့သားဖြစ်သူ၏ စအိုပေါက်ကို ခွဲစိတ်ကုသနိုင်ရန် ဘူးသီးတောင်မြို့ရှိ မိမိတို့ နေထိုင်သည့် အိမ်ကို ရောင်းချပြီး၊ ရန်ကုန်မြို့ကို ပြီးခဲ့သည် ဇန်နဝါရီ ၃ရက်နေ့ ကတည်းကပင် ရောက်ရှိနေခဲ့သော်လည်း ငွေမလုံလောက်သဖြင့် ရက်ပေါင်း ၁၀ ကျော်ကြာ ရပ်ဆိုင်းနေခဲ့ရသည် ဟုသိရသည်။

၎င်းနောက် Aye Mg KM အကောင့်ပိုင်ရှင်မှာ အဆိုပါအခက်အခဲများအား သူ၏ လူမှုကွန်ယက်စာမျက်နာများမှ ပို့စ်တင်ခဲ့သလို ရခိုင်အခြေစိုက် သတင်းမီးဒီယာများက ရေးသားဖော်ပြခဲ့ရာ စေတနာရှင်များက ဝိုင်းဝန်းကူညီခဲ့ကြသဖြင့် တစ်ပတ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်နေသည့် ငွေ ကျပ် သိန်း (၇၀) ကျော်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု  သိရှိရသည်။


မောင်ထက်မြတ်အောင်မှာ မွေးကတည်းကနေ စအိုပေါက်မပါသည့်အတွက်ကြောင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အစာအိမ်ဟောင်း အူမကြီးကို သူမွေးကတည်းကနေ ယနေ့  ၂ နှစ်ကျော် အရွယ်အထိ အပြင်ထုတ်ထားပြီး နေခဲ့ရသည်ဟုလည်း သိရသည်။ (NN-13)

(ဓါတ်ပုံ - facebook)

 

 

ဆက်စပ် သတင်းများ