သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် ပေါက်တော၊သဲခုံရွာရှိ ရေတွင်းရေကန်များကိုဆားငံရေဝင်သွား၍ ကျေးရွာသားများအနေဖြင့် သောက်သုံးရေအခက်အခဲနှင့်ရင်ဆိုင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.8k

(၎င်းရေအခက်အခဲကို မည်သို့ဖြေရှင်းလုပ်ဆောင်ရမည်ကို မစဉ်းစားတတ်ဖြစ်နေဟုဆို)

 

နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၃

 

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းတွင် မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသည့် သဲခုံကျေးရွာတွင် မုန်တိုင်းကြောင့် ရွာရှိ ရေတွင်းရေကန်များကို ဆားငံရေဝင်သွား၍ (၄) လကျော်ကြာ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရကြရပြီး ၎င်းပြဿနာကို မည်သို့ ဖြေရှင်းရမည်ကို မစဉ်းစားတတ်အောင် ဖြစ်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။  

 

သဲခုံကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ခန့်နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်ကာ ရွာသားအများစုမှာ ရေလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် သဲခုံကျေးရွာကို ပင်လယ်ရေဝင်ရောက်ပြီး ရေတွင်း၊ ရေကန်များ ရေနှစ်မြုပ်ခဲ့ရသလို နေအိမ် ၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယင်းနောက်ပိုင်းမှ စ၍ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သဲခုံရွာသူ မနုဇံက ပြောသည်။

 

"အခုထိအဆင်မပြေသေးဘူး ပုံမှန်ပဲ အခြေနေက။ ရေက တွင်းသစ်တူးရင်လည်း ဒီတိုင်းငံနေတုန်းပဲ။ ဝယ်လို့ သုံးရသောက်ရတယ်။ ရေတွင်းအသစ်တူးလည်း ငံတယ်။ ရေငံပဲထွက်လာတယ်။ ရေချိုမထွက်ဘူး"ဟု သူမက ပြောသည်။ 

 

မုန်တိုင်းအရှိန်ကြောင့် ကျေးရွာအတွင်းရှိ ရေတွင်း၊ ရေကန်များကို ဆားငံရေများဖုံးလွှမ်းသွားခဲ့၍  အသုံးပြု၍ မရရှိတော့သလို  ရေတွင်းအသစ်တူးဖော်လျှင်လည်း ရေချိုမထွက်သည့်အတွက် ရေငံကိုသာ ယခုအချိန်ထိ (၄) လကျော်ကြာ သောက်သုံးနေရကြရသည်ဟု ဆိုသည်။  

 

နွေရာသီရောက်လာပါက ရေရှာပါးမှုပြဿနာများကြောင့် ရေအခက်အခဲကို ပိုမိုခံစားလာရနိုင်ပြီး ရွာသားများမှာလည်း အခြေခံလက်လုပ်၊ လက်စားများဖြစ်ကြသည့်အတွက် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိတော့ကြောင်း သဲခုံရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှဦးက နိရဥ္စရာကို ပြောသည်။ 

 

"ငံတာကတော့ ငံနေတုန်းပဲ။ အရင်ကထက်တောင် ပိုဆိုးသေးတယ်။  ဒါကြောင့် တစ်ခြားရွာတွေက ရေတွေသွားခပ်ကြရတယ်။ ကြာခင်ဆိုရင် တခြားရွာတွေကလည်း ရေခပ်တာတွေကို ဟန့်တားလာမယ်။ သုံးဖို့ရေလောက်က ငန်တာလောက်တော့ မပြောတော့ဘူး။ သောက်ရေလေးကိုတော့ ချိုချိုလေးသောက်ချင်ကြတယ်။ အခက်အခဲဖြစ်လာမှာကိုတော့ ကြိုသိနေတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားလို့မရဖြစ်နေရတယ်။ ရွာသားတွေကလည်း လက်လုပ်၊ လက်စားတွေ ဖြစ်နေကြတယ်"ဟု ပြောသည်။ 

 

ယင်းကြောင့် ယခုအခက်အခဲကို ရေအရင်းအမြစ်နားလည်သူများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တာဝန်ရှိသူအနေနဲ့ ကူညီဖြေရှင်းပေးစေလိုကြောင်း သူက ဆက်ပြောသည်။

 

လက်ရှိတွင် ငွေကြေးတတ်နိုင်သည့် ကျေးရွာသားတချို့မှာ ဂြင်းချောင်း၊ ယာတိုက်၊ သခေါင်းတော စသည့်အနီးအနားရွာများက လာရောင်းသည့်ရေများအား ၅ ဂါလံ ရေတစ်ဗူးကို ၁၀၀၀ ကျပ်ဖြင့် ဝယ်ယူသောက်သုံးကြရကြောင်း သိရသည်။

 

သို့သော် မိသားစုနည်းသည့်နေအိမ်များတွင်ပင် တစ်ရက်အနည်းဆုံး ရေဖိုးတစ်သောင်းခန့်အထိ ကုန်ကျသည့်အတွက် အခက်အခဲဖြစ်ပေဓနေကြောင်း သဲခုံရွာကျေးရွာသူ မခင်ခင်လှက ပြောသည်။

 

"တစ်ရက်ကို  သုံးတာရောသောက်တာရော  တစ်သောင်း၊ တစ်သောင်းကျော်လောက် ကုန်တယ်။  ဒါတောင် လူနည်းတဲ့အိမ်ပဲ။ လူများတဲ့အိမ်ဆို အဲ့လောက်နဲ့ မလောက်ဘူး။  ရွာကရေခပ်သုံးရင် ကြိုက်သလောက်သုံး၊ ကြိုက်သလောက်ခပ်ရတယ်။ ဝယ်သုံးရရင်တော့ အကုန်အကျတော့များတာပေါ့" ဟု သူမက ပြောဆိုသည်။

 

ငွေကြေးမတတ်နိုင်သည့် ကျေးရွာသားအများစုမှာ ငံဓာတ်ပါသည့် ရေကိုသာ အဓိက သောက်သုံးနေကြရသည့်အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားမှုများလည်ရှိသည်ဟု သိရသည်။

 

"နေမကောင်းလည်း ဖြစ်ကြတယ်။ ဝမ်းပြည့်ဝမ်းနာဖြစ်တယ်။ ငွေကြေးမတတ်နိုင်လူတွေက နေမကောင်းလည်း ဝယ်မသောက်နိုင်။မကောင်းသလို ဖြစ်သလိုပဲ မျက်စိမှိတ်မြိုချရတယ်။ ကလေးတွေဆိုလည်း နေမကောင်းဖြစ်ကြတယ်။ ဒီလိုပဲ နေရတာပဲလေ"ဟု ပြောသည်။

 

ကျေးရွာသားများအနေဖြင့် ရေချိုရရှိရေးကို အထူးလိုလားနေကြသည်ဟု သိရှိရသည်။

 

 

 (NN-7)

ဆက်စပ် သတင်းများ