နိရဥ္စရာ၊ ဇန်နဝါရီ ၃၀/၂၀၂၃
ရခိုင်တွင် ယခုနှစ်အတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့်ဒေသမတည်ငြိမ်မှုတို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်းခဲ့သော်လည်း စိုက်ပျိုးသူများအနေဖြင့်အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိကြသည်ဟု စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူလယ်သမားများကပြောသည်။
လက်ရှိ ရခိုင်တွင် စစ်ရေးပြဿနာများတည်ငြိမ်နေသော်လည်း စိတ်ချရသည့်အခြေအနေမရှိသလိုသွင်းအားစု မြေဆီ၊ မြေသြဇာဈေးနှုန်းများ မြင့်မားပြီး စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာကာပြည်ပ ထွက်ခွာသူများပြားသည့် အတွက်လည်း စိုက်ပျိုးမှုရာခိုင်နှုန်းယခင်နှစ်များထက် ၅၀% လျော့ကျသွားကြောင်း ၇သေ့တောင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ ဒုဥက္ကဌဦးဘသိန်းက ပြောသည်။
“အထွက်နှုန်းအခြေအနေကလုပ်တဲ့လူတွေကတော့ အောင်မြင်တယ် ပြောရမယ်။ ပဲ၊ စပါးတွေလည်း ရကြတယ်။ ခရမ်း၊ ငရုတ်တွေလည်းအခုစိုက်ထားတဲ့လူတွေမှာ ကောင်းကြတယ်။ စိုက်ပျိုးတဲ့ မြေဧကတွေတော့လျော့သွားတယ်။ ဒါပေမယ့်ဈေးလည်း ဟိုနှစ်တွေကထက်ပို၇တယ်”ဟုပြောသည်။
မြောက်ဦးမြို့နယ်တွင်လည်း ယခုနှစ်ဆောင်းသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီးဈေးလည်းပိုရသည်ဟု မြောက်ဦးမြို့နယ်တွင် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့် လေးမြို့ချောင်းဒေသရှိဂုဏ်ကျွန်းကျေးရွာမှ ဒေါ်ခင်းအေးရွှေက ပြောသည်။
“အစပိုင်းမှာတော့အသီးတွေသိပ်မထွက်ဘူး၊ ဒါပေမယ့် ဈေးရတယ်။ နောက်ပိုင်းအသီးအများကြီး ထွက်ပေမယ့် ဈေးကနည်းနည်းလျော့သွားတာပေါ့။အရင်နှစ်ကထက်ဈေးပိုရတော့ ဝင်ငွေ လည်းပို၇လာတယ်” ဟု ဆိုသည်။
အရင်နှစ်က ပျဉ်းမျှအားဖြင့် ခရမ်းသီး ၁ ပိဿာကို ၁၂၅ ကျပ်၊ဘူးသီးတစ်လုံးကို ၁၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ မောင်း(၁၆ ပိဿာ) ကို ၁၂၀၀၀ ကျပ်၊ ပြောင်းဖူးတစ်ရာကို ၁၅၀၀၀ ကျပ် စသည်ဖြင့် ရရှိခဲ့သော်လည်း ယခုနှစ်တွင် ခရမ်းသီး ၁ ပိဿာ ကို ၇၅၀ကျပ်၊ ဘူးသီးတစ်လုံးကို ၄၀၀ ကျပ်၊ ခရမ်းချဉ်သီး ၁ မောင်း(၁၆ ပိဿာ)ကို၂၃၀၀၀ မှ ၃၀၀၀၀ကျပ်အထိရရှိပြီး ပြောင်းဖူး တစ်ရာကို ၂၅၀၀၀ ကျပ်အထိရရှိနေကြသည်ဟု သိ၇သည်။
ရခိုင်တွင် အဓိက စိုက်သော ဆောင်းသီးနှံများမှာ ငရုတ်၊ ခရမ်း၊မြေပဲ၊ ပြောင်း၊ ဗူး၊ ဖရုံ၊ ရုံးပတီသီး၊ဂေါ်ဖီထုပ်၊ မုလာ၊ ဖရဲသီး၊ ခရမ်းချဉ်သီးစသည့် သီးနှံများစိုက်ပျိုးကြပြီး သီးနှံအထွက်တိုးကာ ဈေးကောင်းရရှိသော်လည်းကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားစရိတ် ကြီးမြင့်မှုတို့ကြောင့် အမြတ်အနည်းငယ်သာကျန်သည်ဟုကျောက်တော်မြို့နယ်၊ ဘုရားပေါင်း ကျေးရွာမှ ဦးမောင်ကြီးက ပြောသည်။
“အလုပ်သမားခ၊ စက်နဲ့ရေတင်ခတွေ ပိုးသတ်ဆေးခ ၊ ဓာတ်မြေသြဇာဈေး တွေက စရိတ်ကြီးတော့ အမြတ်ကနည်းနည်းပဲကျန်တယ်”ဟု ပြောသည်။
ယခင်နှစ်နှင့်ယခုနှစ်ဈေးနှုန်းကွာဟမှုရှိသည့်အပေါ်မှာ မည်သို့သက်ရောက်မှုရှိသည်ကိုလည်း သီးနှံကုန်သည်တစ်ဦးဖြစ်သည့် ဒေါ်ခင်မိုးက ယခုလို ပြောသည်။
“ဈေးတက်တော့အမြတ်နည်းတာပေါ့။ ဆီဈေးတွေ တက်တော့ အမြတ်ကပိုနည်းသွားတယ်။ စက်လှေနဲ့သွားရောင်းတာဖြစ်လို့ဆီဈေးလည်း ဖယ်ထားရတယ်။ အခုအသီးအရွက် ဈေးတက်ပေမယ့်လည်း ဈေးအများကြီးပိုရောင်းလို့လည်းမရဘူးလေ။ကုန်နည်းရင်တော့ နည်းနည်းပဲမြတ်တယ်။ ကုန်းများရင်တော့ အမြတ်နည်းနည်းပိုတာပေါ့”ဟု ပြောသည်။
ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂအနေနှင့် ယခုနှစ်စိုက်ပျိုးရေးအခြေအနေနှင့်ပတ်သက်ပြီးရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်ဇံသို့ဆက်သွယ်မေးမြန်းရာ မြို့နယ်တာဝန်ရှိသူများနှင့် မဆွေးနွေး၇သေး၍ အသေးစိတ်မပြောနိုင်သေးကြောင်းပြောဆိုသည်။
၇ခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီတွင် ကုန်ဈေးနှုန်းကြီးမြင့်ကာအထွက်နှုန်းလည်း ကျဆင်းခဲ့ပြီး ဈေးကောင်းမရသည့်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများမှာအရှုံးပေါ်ခဲ့သည်ဟု သိ၇သည်။
ယခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတို့၏တကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံတောင်သူလယ်သမားများစုမှာ စစ်ဘေးရှောင်အဖြစ် နေထိုင်နေကြရသလိုလယ်ယာမြေများကို စွန့်ကာပြည်ပထွက်ခွာမှုများလည်း ပိုမိုများပြားခဲ့သည့်အတွက် စိုက်ပျိုးရေးအောင်မြင်သော်လည်းစိုက်ပျိုးလုပ်ငန်းကို လုပ်ကိုင်သူလျော့နည်းခဲ့ရခြင်းဖြစ်သည်ဟု သိ၇သည်။(NN-7)