နိရဉ္စရာ၊ဇန်နဝါရီ ၃၀/၂၀၂၃
၇ခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် အခမဲ့ဆေးကုသရန် လာရောက်မည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ကောင်စီနယ်လှည့် ဆေးကုသရေးအဖွဲ့အတွက် ဆေးဝါးဝယ်ယူရန် ပုဏ္ဏားကျွန်းမြို့ပေါ်က စီးပွားရေးရှင်များထံမှ အလှူငွေများ အတင်းအဓမ္မကောက်ခံနေသည်ဟု သတင်းရရှိသည်။
ယနေ့နေ့လယ်ကပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀တပ်ရင်းမှ ဗျူဟာမှူးက ပုဏ္ဏားကျွန်းမြို့ပေါ်ကစီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ကျော်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ အစည်းအဝေးခေါ်ယူပြီး တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့အတွက် ဆေးဝါးများဝယ်ယူရန်အလှူငွေများထည့်ဝင်၇မည်ဟု ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
" ကျနော်တို့ပုဏ္ဏားကျွန်းမြို့မှာ စစ်တပ်ကနယ်လှည့်ဆေးကုရေးအဖွဲ့က ဆေးကုဖို့ဆိုပြီး ပုဏ္ဏားကျွန်းက စီးပွားရေးလုပ်ငန်းရှင်တွေကိုခေါ်ပြီး အလှူခံတယ်။ဆေးကုဖို့ ဆေးဝယ်၇မယ် ဆိုပြီးတော့။ပြည်သူတွေအတွက်ကုပေးမှာမို့ ဆေးဝါးစရိတ်ကို မြို့လူထုက ပေး၇မယ်ဆိုပြီးတော့ပြောတာပေါ့။ သူတို့က ခုလိုပြောတော့လည်းပေး၇တာပေါ့” ဟု ပြောသည်။
ပြည်သူလူထုကျန်းမာရေးအတွက် အခမဲ့ တပ်မတော်က ဆေးကုပေးမည်ဆိုပြီးပြည်သူလူထုထံက ငွေကောက်မှုမှာ မဖြစ်သင့်ဟုလည်း ပြောဆိုသည်။
“ တချို့ကတော့ စစ်တပ်ကပြောတော့ပြည်သူတွေကိုဆေးကုပေးမယ့်ဟာဆိုပြီး ထည့်ကြတယ်ပေါ့။တချို့ကတော့လည်း ‘ပိုက်ဆံထည့်တာက ပြည်သူ၊ နာမည်ကောင်းယူတော့စစ်တပ်’အဲလိုမျိုး ဝေဖန်မှုတွေ အမျိုးမျိုးရှိကြပါတယ်" ဟုပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။
နောက်ထပ်ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက "မြို့ကနည်းနည်းတတ်နိုင်တဲ့သူတွေကို အစည်းအဝေးခေါ်ပြီးဆေးဝယ်ဖို့အတွက် ပိုက်ဆံတောင်းတယ်။ နောက်ဆုံးမှာဒါက ပြည်သူဘက်က ပိုက်ဆံတွေတောင်းပြီး တပ်မတော်ဘက်ကအခမဲ့ဆေးကုပေးတဲ့ပုံစံမျိုးနဲ့ နာမည်ကောင်းယူမှာလေ။ စေတနာမရှိလိုတော့ မဟုတ်ပါဘူး။အခမဲ့ဆိုပြီး လူထုတွေဆီက ငွေကောက်ခံတာမျိုးတော့ မဖြစ်သင့်ဘူးလေ"ဟုပြောသည်။
အဆိုပါတပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှဆေးကုသမှုခံယူမည့် လူဦးရေစာရင်းကိုလည်း ကြိုတင်စာရင်း ပေးထားရကြောင်းသိ၇သည်။
မည်သည့်နေ့တွင်တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့သို့လာရောက် ဆေးကုသမည်ကိုလည်း မသိ၇သေးသော်လည်း လောလောဆယ်တွင် စီးပွားရေးသမားများထံကငွေကြေးများ ကောက်ခံနေမှု အပေါ် ဒေသခံများအကြား ဝေဖန်မှုများ ရှိနေသည်ဟုသိ၇သည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၂၂ ရက်ကလည်း မင်းပြားမြို့ ရာမောင်ခန်းမတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မင်းပြားမှုပြည်သူများကိုလာရောက်ဆေးကုသမှုပြုလုပ်ခဲ့ကြောင်းသိ၇သည်။
(NN-8)