ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် ( AA) နဲ့ ဆက်စပ်သံသယနဲ့ ဖမ်ဆီးခံထားရတဲ့သူတွေကို စစ်ကောင်စီတပ်က အများဆုံးတရားစွဲဆိုတဲ့ အမှုတွေအထဲမှာတော့မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က) (ခ) နဲ့ အများဆုံး ဖြစ်ကြပါတယ်။
ဒီအထဲမှာ ကြီးလေးတဲ့ ပုဒ်မတစ်ခုဖြစ်တဲ့ စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ တရားစွဲဆိုခံနေရသူတစ်ဦးလည်းရှိနေပါတယ်။ သူကတော့ ကျောက်တော်မြို့နယ်၊ကာဒီကျေးရွာက ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းဖြစ်ပါတယ်။
သာမန် ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်သန်းကို စစ်တပ်က ပုဒ်မ ၁၇(၁) နဲ့ တရားစွဲတဲ့ အပြင် အထူးကြီးလေးတဲ့စစ်ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၃၁နဲ့ ဘာကြောင့် တရားစွဲဆို၇ပါသလဲ။
“ အဓိကတော့စစ်တပ်က ရဲဘော်တွေကို အေအေဆီသွားချင်ရင် ပို့ပေးမယ်ဆိုပြီး ဦးလှမောင်သန်းက စည်းရုံးသွေးဆောင်ဖျားယောင်းတယ်ဆိုပြီး အကြောင်းပြဖမ်းဆီးပြီး ခုလိုကြီးလေးတဲ့ ပုဒ်မနဲ့ တရားစွဲဆိုတယ်လို့သိ၇ပါတယ်။”
ဒါက ဒေသအတွင်းက ဒီအမှုကို စောင့်ကြည့်နေတဲ့ လူမှုရေးလူပ်ရှားသူရှေ့နေတစ်ဦးက ပြောပြတာဖြစ်ပါတယ်။
ဦးလှမောင်သန်းကို ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်မှာ ကျောက်တော် ကန်စောက်အခြေစိုက် (၅၃၉)တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ဆန်ဝယ်ယူထားတဲ့ အကြွေးကိုပေးမယ်ဆိုပြီး ဖုန်းနဲ့ လိမ်ခေါ်တဲ့အတွက် အဖော်ဖြစ်သူတစ်ဦးနဲ့ သွားရောက်တွေ့ဆုံရာမှာ ဖမ်းဆီးခံလိုက်၇တာဖြစ်တယ်လို့ဆိုပါတယ်။
“ သူက စစ်တပ်က ရဲဘော်တွေကို အေအေဆီပို့ပေးမယ်ဆိုတဲ့ စွပ်စွဲချက်ကလုံး၀ ယုတ္တိမရှိတဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဘယ်လိုလုပ်ပြီး စစ်သားတွေကို သူစည်းရုံးပါ့မလဲ။ဒီလောက် အခြေအနေကြီးမှာ” လို့လည်း သူက ဆက်လက်ရှင်းပြပြောဆိုပါတယ်။
ဦးလှမောင်သန်းကို စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ နဲ့သာမက ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီးတော့လည်း မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၁၇(၁) တရားစွဲဆိုထားတဲ့ အတွက် စစ်တွေမြို့နယ်တရားရုံးမှာ လက်ရှိ အမှုရင်ဆိုင်နေ၇ပါတယ်။
ဆန်စက်မှာ လုပ်ကိုင်ခဲ့တဲ့ ဆွေမျိုးတော်စပ်သူ ဝန်ထမ်းတစ်ဦးကလည်း ကန်စောက်အခြေစိုက်(၅၃၉) တပ်ရင်းဟာ ဦးလှမောင်သန်းဆန်စက်မှာစပါးတွေကို ကြိတ်နေတာ အချိန်အတော်ကြာခဲ့ပြီလို့ ဆိုပါတယ်။
“သူတို့တပ်ရင်းက အရင် ၅နှစ်လောက်ကတည်းက ကျနော်တို့ဆန်စက်မှာ စပါးကြိတ်နေကျပါ။ အခုလည်း ကျနော်တို့ဆီကဆန်အိတ် လေး၊ ငါးဆယ်ကျစီ အကြွေးဝယ်နေကျပါ။ လကုန်လောက် ဆိုရင် သူတို့က ပိုက်ဆံပေးဖို့ခေါ်ပါတယ်။အခုလည်း မနောသုခ ဆန်အိတ် ၅၀ ဖိုး အကြွေး သွားယူတာပါ။ အောက်တိုဘာ ၂ ရက်နေ့က။ ဆန်တစ်အိတ်ကို၃၈၀၀၀ ကျနဲ့ ရောင်းထားတာပါ။ တပ်ရင်းကို ရောက်တော့ သူတို့စစ်သားတွေကိုအေအေကို ဝင်မလားဆိုပြီး ဦးလှမောင်သန်းက သွေးဆောင်ဖြားယောင်းတယ်ဆိုပြီးတော့ အမှုဆင်ပြီး ဖမ်းတာဖြစ်ပါတယ်။ ဒါက မတရား ဖမ်းဆီးခံ၇တာပါ။ ဆန်အိတ်ဖိုးအကြွေးကို မပေးချင်လို့လည်း ခုလို ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ စီးပွားရေးလုပ်ကိုင်နေသူတွေဟာ မြန်မာစစ်တပ်နဲ့လည်းဆက်ဆံရသလို ရက္ခိုင့်တပ်တော်နဲ့ လည်း ကောင်းမွန်ဆက်ဆံရေးတွေ ထားရှိရတယ်လို့ဆိုပါတယ်။ ဒီလိုဆက်ဆံရေးပြုလုပ်၇တဲ့အပေါ်မှာ စစ်တပ်ဘက်က အမြင်မကြည်လင်လို့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။
ဦးလှမောင်သန်းကို စစ်တပ်က ခေါ်ယူဖမ်းဆီးပြီးတဲ့နောက်မှာအဆက်အသွယ် ပြတ်သွားတဲ့အတွက် ဇနီးဖြစ်သူက စိုးရိမ်ပြီး အဲဒီတပ်ရင်းအထိ လိုက်လံ စုံစမ်းမေးမြန်းပေမယ့်ဖမ်းဆီးထားခြင်းမရှိဘူးလို့ စစ်တပ်က ငြင်းဆိုခဲ့သလို ရခိုင်အခြေစိုက် သတင်းမီဒီယာတွေက သူ့ကို စစ်တပ်က ဖမ်းဆီးထားကြောင်းသတင်းရေးသား ထုတ်ပြန်ခဲ့တဲ့အပေါ်မှာလည်း မဟုတ်မမှန် စွပ်စွဲရေးသားတာသာဖြစ်တယ်လို့ စစ်တပ်ဘက်ကပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဖမ်းဆီးခံ၇ပြီး ၂ လကျော်အကြာ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ စစ်တွေမြို့နယ်တရားရုံးကို ဦးလှမောင်သန်းကို ရုံးထုတ်လာပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ကာ ချုပ်ရက် ၇မန်ယူခဲ့ပါတယ်။
နောက်တစ်ပတ်ရုံးချိန်းတစ်ခုမှာတော့ သူ့ကို စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၁ဖြင့် ထပ်တိုး တရားစွဲဆိုပြန်ပါတယ်။
ဦးလှမောင်သန်းဟာ စစ်ထောက်လှမ်းရေး စစ်ကြောရေးမှာ ညှဉ်းပမ်း ရိုက်နှက်စစ်ဆေးခံခဲ့၇တဲ့ အတွက်အတွင်း ဒဏ်ရာတွေ ရရှိထားပြီး လက်ရှိမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ “သူအခု ကျန်းမာရေးကနေမကောင်းပါ။ သွေးပေါင် အမြဲတမ်းကျတယ်ပြောတယ်။ ပေါင်တွေနာလို့လမ်းတောင် မလျှောက်နိုင်ဘူးပြောပါတယ်။ ဒူးတွေလည်းနာတယ်ပြောပါတယ်။သူတို့ရိုက်နှက်ထားတဲ့ ဒဏ်တွေကြောင့် ခြေထောက်တစ်ချောင်းလုံးနာကျင်ကိုက်ခဲတယ်ပြောပါတယ်။ ခေါင်းတွေလည်း ချအိပ်လို့မရအောင်နာတယ် ပြောပါတယ်။ ထောင်ထဲမှာလည်း နေမကောင်းပြောရင် ဆေးတစ်လုံး၊နှစ်လုံးပေးတယ်ပြောတယ်။အခုနေမကောင်းတဲ့အတွက် ဆေးရုံကြီးမှာပဲဖြစ်ဖြစ်ဆေးကုသချင်ပါတယ်။ ”
ဒီအမှုမှာ အမှန်တရားပျောက်ကွယ်နေတဲ့အပြင် လုပ်ကြံဖန်တီးတရားစွဲဆိုထားတာဖြစ်တဲ့ အတွက် စစ်တပ်က အထက်ပိုင်းတာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့အညီ ပြန်လည်စိစစ်ပေးဖို့ လိုအပ်တယ်လို့လည်းသူမကပြောဆိုပါတယ်။ အဲသလို မစိစစ်ပေးရင်တော့ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)သာမက ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ(၁၃၁) တို့နဲ့ လုပ်ကြံတရားစွဲဆိုခံနေ၇တဲ့ ဦးလှမောင်သန်းဟာ ထောင်နှစ်ရှည် ချမှတ်ခံသွားရနိုင်တဲ့အတွက်သူ့ရဲ့ အနာဂတ်အတွက် တွေးပူ ရင်လေးနေမိတယ်လို့ ဇနီးဖြစ်သူက ပြောဆိုပါတယ်။