နိရဉ္စရာ၊ဖေဖော်ဝါရီ ၆/ ၂၀၂၃
မြောက်ဦးမြို့၊နန်းရာကုန်းပထမထပ်တွင်ကျောက်ခင်းလျှောက်လမ်းပြုလုပ်မှုအပေါ် ကန့်ကွက်မှုများရှိနေ၍ ၎င်းလမ်းခင်းမူကို ပြန်လည်ဖျက်သိမ်းရန် စီစဉ်နေသည်ဟုသတင်းရရှိသည်။
မြောက်ဦးယဥ်ကျေးမှုအမွေအနှစ်ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်သန်းက "ကျွန်မတို့ဒီနေ့နန်းရာကုန်းကိုသွားပြီးတော့ လေ့လာကြည့်ခဲ့ပါတယ်။ နန်းတော်ရာကုန်း သာယာလှပရေး စီမံကိန်းနဲ့ နန်းရာကုန်းပေါ်မှာကျောက်ခင်းလမ်းလုပ်နေတာကိုတွေ့ခဲ့၇တယ်။ ဒါက ရှေးဟောင်းနယ်မြေမှာ မသင့်တော်ပါဘူး။လုံး၀မသင့်တော်တဲ့လုပ်ရပ်လို့လည်းမြင်တယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေနဲ့ကျွန်မတို့ညှိနိူင်းခဲ့ကြတယ်။ သူတို့ကလက်ခံတယ်။ ဒီလူသွားလမ်းကျောက်ခင်းလမ်းကိုပြန်ဖျက်သိမ်းဖို့လို့ သူတို့ကပြောတယ်။သူတို့ ဖျက်သိမ်းမှာပါ" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
အဆိုပါနန်းရာကုန်းပထမအဆင့်၌ကျောက်ခမ်းလျှောက်လမ်းကို ဇန်နဝါရီလ အစောပိုင်းလောက်က မြောက်ဦး ရှေးဟောင်းသုတေသနဌာနမှနန်းတော်ကုန်းသာယာလှပရေးစီမံချက်ဖြင့် သစ်ပင်စိုက်ခြင်း၊ထိုင်ခုံတန်းများပြုလုပ်ခြင်းအပြင် လူသွားလမ်းအဖြစ် ကျောက်ခင်းလျှောက်လမ်းပြုလုပ်နေခြင်း ဖြစ်သည်ဟု သိ၇သည်။
မြောက်ဦး မြို့ခံတစ်ဦးက" ကျွန်တော်တို့မသင့်တော်ဘူးလို့ မြင်တယ်။ရှေးဟောင်းသမိုင်းဝင်နေရာတွေမှာ ကတ္တရာလမ်းမခင်း၇ဘူး။ဘယ်လောက်ပဲပျက်စီးနေ၊ ပြိုပျက်နေပါစေ။ ဒါတွေက ရှေးဟောင်းအမွေ အနှစ်တွေဖြစ်တယ်။ အခု နန်းရာအပေါ်ဆုံးထပ်မှာကျောက်ခင်းလမ်းလုပ်တာက လုံး၀မသင့်တော်ဘူး။ သမိုင်းဝင်အမွေအနှစ်ကို ဖျက်ဆီးတာနဲ့ တူတယ်။ မပြုပြင်ပဲဒီအတိုင်းထားတာက ပိုကောင်းတယ်လို့မြင်တယ်။ကြည့်လိုက်တာနဲ့ နှစ်တွေဘယ်လောက်အကြာက ဆိုတာကို မှန်းဆစေချင်တယ်။ပြုပြင်မွမ်းမံတာက ပြုပြင်မွမ်းမံတာတစ်ပိုင်းပေါ့။ အခုကလမ်းခင်းတာဆိုတော့ မဖြစ်သင့်ဘူးလေ"ဟု သူ၏ အမြင်ကိုပြောသည်။
မြောက်ဦးရှိရှေးဟောင်းသမိုင်းဝင်နေရာများတွင်ဓာတ်မီးတိုင်များစိုက်ထူမူရှိခဲ့ခြင်း၊ နန်းရာကုန်းပေါ်၌ကျောက်ခင်းလျှောက်လမ်းပြုလုပ်ခြင်းတို့မှာ ရှေးဟောင်းအမွေအနှစ်များကိုထိန်းသိမ်းရာမရောက်ပဲဖျက်ဆီးရာသာ ရောက်သည်ဟုသူ၏ အမြင်ကိုပြောဆို သည်။
ယင်းကျောက်ခင်းလမ်းပြုလုပ်မှုအပေါ် ကန့်ကွက်မှုများ ပေါ်ထွက်လာပြီးနောက်လမ်းခင်းမှုကို ဆိုင်းငံ့ထားပြီး ပြုလုပ်ပြီးစီးနေသည့် လမ်းတစ်ချို့ကိုလည်းပြန်လည်ဖျက်သိမ်းမည်ဟု သိ၇သည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍မြောက်ဦးရှေး ဟောင်းသုတေသနဌာနမှညွန်ကြားရေးမှူး ဦးကြည်ခင်ကို နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့်ဒီဇင်ဘာလကလည်း မြောက်ဦး၊ ထုက္ကန်သိမ်ဘုရားဧရိယာအတွင်းဓာတ်မီးတိုင်များ စိုက်ထူမူပြုလုပ်ခဲ့ကာ ရှေးဟောင်းအမွေအနှစ်များကိုထိခိုက်မှုရှိနေ၍ ပြန်လည်ဖျက်သိမ်း ပေးခဲ့၇သည်။
မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင် မင်းစောမွန်က ခရစ်သက္ကရာဇ် ၁၄၃၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်ဘုရားတပ်များက ဝင်တိုက်ပြီး နန်းတော်ကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကာ နန်းတော်ပထမထပ်ကိုလည်း အနီးအနားရှိ တောင်များကို ဖြိုဖျက်တူးယူ၍ မြေဖို့ပစ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိ၇သည်။ (NN-12)
ဓာတ်ပုံ- Daw Khin Thain