တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုမှ လူငယ်တစ်ဦး ဥယာဉ်ခြံသွားစဉ် မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.9k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စု ဒါးလက်ချောင်းအနောက်ရွာမှ လူငယ်တစ်ဦးသည်  ဖေဖော်ဝါရီ ၆ ရက်က ဥယာဉ်ခြံတွင် နေ့စားအလုပ်သမားအဖြစ် အငှါးလုပ်ကိုင်ရန်သွားစဉ် ခြံအတွင်း မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိုင်းနင်းမိ၍ဒဏ်ရာရရှိသွားသူမှ ဒါးလက်ချောင်းအုပ်စု ဒါးလက်ချောင်းအနောက်ရွာမှ ကိုဦးဆန်းကြည် အသက် (၂၂) နှစ်ဖြစ်သည်။

၎င်းသည် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဒါးလက်ချောင်းအနောက်ရွာရှိ သီဟိုဥယာဉ်ခြံတွင် အငှါးလုပ်ကိုင်နေစဉ် ခြံအတွင်းမိုင်းပေါက်ကွဲ၍ တစ်ခန္ဓာလုံးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

"အခုထိတော့ အခြေအနေက မျက်စိကတော့ ကန်းမလား၊မကန်းဘူးလား မသေချာသေးဘူး။ လုံးဝဖွင့်လို့မရသေးဘူး။ မိုင်းစက မျက်စိထဲကိုဝင်သွားပါတယ်။ ပေါင်တွေ၊ ခန္ဓာတွေနဲ့ မျက်နှာတွေမှာလည်း အပေါက်တွေ ထွင်းသွားပါတယ်။ သတိတော့ရနေပါတယ်။ စကားကပြောလို့မရပါဘူး။ ဒလက်ချောင်းတိုက်နယ်ဆေးရုံမှာ ကုသနေပါတယ်။  အမ်းမြို့ပေါ်တက်ရောက် ကုသချင်ပေမယ့် တစ်ရက်လုပ်မှ တစ်ရက်စားရတာမို့ ဆေးကုဖို့ ငွေလည်း မရှိပါ" ဟုပြောသည်။

၎င်းကိုဦးဆန်းကြည်၏ တစ်ခန္ဓာလုံးတွင် မိုင်းအစအနများထိထားပြီး မျက်လုံးများတွင်လည်း မိုင်းစဝင်သွား၍ ဖွင့်မရဖြစ်နေပြီး မျက်လုံးကန်းနိုင်ခြေရှိကြောင်း ၎င်းကပြောသည်

အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုတွင် မကြာခဏဆိုသလို တောင်ယာ ဥယာဉ်ခြံကိုသွားရာမှ မိုင်းပေါက်ကွဲမှုများဖြစ်ပြီး အသက်သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့သော်လည်း ဒေသခံများမှာ စားဝတ်နေရေးကြပ်တည်းသဖြင့် အသက်အန္တရာယ်ကြားထဲက အလုပ်လုပ်ကိုင်ရန် သက်စွန့်သွားနေရကာ သက်ဆိုင်ရာတာဝန်ရှိသူများမှ မိုင်းရှင်းလင်းပေးရန်လိုအပ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"မိုင်းရှင်းစေချင်ပါတယ်။ ကျမတို့မှာက တောတောင် ဥယာဉ်တွေကိုသွားပြီး အလုပ်လုပ်ရမှ စားဝတ်နေရေး အဆင်ပြေတာပါ။ တောတွေတောင်တွေကိုလည်း မသွားရဲဘူး။ အခု သွားနေရတာတွေက ကိုယ့်အိမ်မှာလည်း စားဖို့ဆန်မရှိတော့ အသက်ကိုရင်းပြီး ငှါးလိုက်ကြရပါတယ်။ အငတ်ကမခံနိုင်ကြဘူး။ အငတ်မခံနိုင်တော့ အန္တရာယ်ရှိတာကိုသိပေမယ့် လုပ်ရပါတယ်။ အဲဒီလိုလုပ်မှလည်း ထမင်းစားရမှာလေ" ဟုပြောသည်။

အဆိုပါ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုမှ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင် တစ်ထောင်ကျော်ကိုလည်း စစ်ကောင်စီတာဝန်ရှိသူများက  ပြီးခဲ့သည့် ဒီဇင်ဘာလက မိုင်းရှင်းလင်းပေးမှုတစ်စုံတရာမရှိဘဲ နေရပ်ကိုပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်မှစ၍ ယနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ဆယ်ကျော်သက်ကလေးငယ်တစ်ဦးအပါအဝင် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူဦးရေမှာ ၅ ဦးအထိရှိလာနေကြောင်း သိရသည်။

(NN-8)

 

ဆက်စပ် သတင်းများ