အင်္ဂါ၊ ဇူလိုင်လ ၂၃ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးငယ်များအပါအဝင် ရွာသားတချို့ အရေပြားရောဂါများဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.4k

နိရဥ္စရာ၊ ဖေဖော်ဝါရီ / ၂၀၂၃

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းမြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသည့် သဲခုံကျေးရွာတွင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကလေးငယ်များအပါအဝင် ရွာသားတချို့ အရေပြားရောဂါများ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးက   ဝဲနာလိုမျိုးကနေ အရေပြားရောဂါဖြစ်သလိုမျိုး ဖြစ်လာကြတယ်။ အကင်းရည်တွေလည်းထွက်ပြီးတော့ ဘယ်လိုမျိုးလည်းမသိပါဘူး။ ရေမကောင်းလို့ ဖြစ်တာလေ။ ရေတွေက ငံတယ်မလား။ ဒီနှစ်ကတော်တော်ဆိုးလားတော့ ရေကြောင့် ပိုဖြစ်တာ။ ကျောင်းတက်နေတဲ့ ကလေးတွေလည်း အခုကဝဲနာတွေနဲ့ ဖြစ်ကုန်ပြီ။ ဒီကလေးတွေက အရင်တုန်းက မဖြစ်ဘူးလေ။ ကလေး၊ လူကြီး အကုန်ဖြစ်ကြတယ်။ ဒီလိုဖြစ်နေကြတာ ၂လ၊ ၃လ၊ ကြာနေပြီ ဟုပြောသည်။

သဲခုံကျေးရွာတွင် ရေကန်အများအပြားသည် ယခင်နှစ် မုန်တိုင်းခတ်ချိန်တွင်  ပင်လယ်ရေများ ဖုံးလွှမ်းသွားခဲ့ပြီး ၎င်းကန်များမှ ရေကို ရွာသားများမှ အသုံးပြုကြရာမှ ယခုလို အရေပြားရောဂါ ဖြစ်ပွားလာသည်ဟုဆိုသည်။

 အစတုန်းကတော ဝဲလိုမျိုး အဖုအပိန့်လေးတွေထွက်လာတယ်။ တစ်နေရာတည်းမှာဘဲ စုပြီး ပေါက်တယ်။ အားယားယံတယ်။ ပိုပွားလာတယ်။ စစ်တွေမြို့မှာ ဆေးခန်းပြတယ်။ သောက်ဆေး၊ လိမ်းဆေးပေးလိုက်လည်း မကောင်းဘူး ရေနဲ့လည်းဆိုင်နိုင်တယ်။ ရေတွင်းကအသစ်တူးလည်း ရေငံဘဲထွက်တာလေ။ ဒီနှစ်က ပိုငံလာတာပေါ့ ဟုပြောသည်။

သဲခုံကျေးရွာတွင် သောက်သုံးရေတွင်း အသစ်တူးဖော်သည့် ရေတွင်းများတွင် ရေထွက်ရှိသော်လည်း ၎င်းရေများသည် ရေငံများထွက်သည့်အတွက်ကြောင့် ရွာသားများမှာ ဒုက္ခရောက်နေကြသည် ဟုသိရသည်။

ထိုကဲ့သို့ အရေပြားရောဂါများဖြစ်ပွားနေသည့် သူများမှာ မြို့ပေါ်က လိမ်းဆေးများ ဝယ်ယူပြီး လိမ်းနေကြသော်လည်း သက်သာပျောက်ကင်းမှုမရှိ ဟုသိရသည်။
ရေလုပ်ငန်းကို လုပ်ကိုင်သည့် သဲခုံကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၉၀၀ ခန့်နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်ကာ သောက်သုံးရေ အခက်အခဲကြောင့် ယခုလို အရေပြားရောဂါ ဖြစ်ပွားမှုကို ခံစားနေကြရသည်ဟု ဆိုသည်။  (NN-13)

ဆက်စပ် သတင်းများ