Preview

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် မြန်မာအပေါ်စွပ်စွဲထားမှုအား ချေပလွှာတင်သွင်းနိုင်ရေးကိစ္စ စစ်ကောင်စီဝန်ကြီးများ ရခိုင်သို့လာရောက်ပြီး သက်ဆိုင်သူများနှင့် ၂ ရက်ကြာ ဆွေးနွေးခဲ့

ဖေဖော်ဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :649
ရခိုင် သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၈ /၂၀၂၃

 

အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice – ICJ)တွင်မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အချက်များအား ချေပလွှာ (CounterMemorial) တင်သွင်းနိုင်ရေးကိစ္စရပ်များကိုICJ ၌တရား ရင်ဆိုင်ခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန စစ်ကောင်စီဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သော ဝန်ကြီးများအဖွဲ့သည်ရခိုင်ပြည်နယ်သို့လာရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအပါအဝင်သက်ဆိုင်သူများှင့်(၂)ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသိ၇သည်။

 

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ်သို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလ၅ ရက်နံနက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

 

ယင်းအဖွဲ့တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂)လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်တို့ပါဝင်သည်။

 

သူတို့အဖွဲ့သည်ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုး၇ အဖွဲ့ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းပြီးညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုယနေ့ ဖေဖော်ဝါရီလ ၈ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

 

ယင်းအပြင်ဖေဖော်ဝါရီလ ၆ ရက်၊ မွန်းလွဲပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည်ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ICJ ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ပြန်လည်သုံးသပ်သည့် အစည်းအဝေးကိုလည်းပြုလုပ်ခဲ့ပြီးလုပ်ငန်းဆောင်ရွက်ချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေးပြီးဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်ဟုသိ၇သည်။

 

၇ခိုင်ပြည်နယ် မောင်တောဒေသတွင်ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများ အတွင်း မူဆလင်များအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းကျူးလွန်သည်ဟုဆိုကာအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင်ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားခြင်းဖြစ်သည်။

 

ယင်းသို့ စွပ်စွဲထားမှုမှာမဟုတ်မှန်ကြောင်းနှင့် တရားစွဲဆိုထားမှုအပေါ် လက်ခံကြားနာခြင်းမပြုလုပ်ရန်အချက်(၄)ကို မြန်မာအစိုး၇ဘက်က ICJ တွင် ပြီးခဲ့သည့်နှစ်ကတင်သွင်းချေပခဲ့သော်လည်း ယင်းချေပချက် (၄)ချက်စလုံးကို ICJ က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ရက်တွင် ပယ်ချခဲ့သည်။

 

ယင်းနောက်မြန်မာအစိုး၇ဘက်က ICJ တွင်ချေပလွှာထပ်မံတင်သွင်းနိုင်ရေးကိစ္စကို ပြည်ထောင်စုဝန်ကြီးများကရခိုင်သို့လာရောက်ကာ ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဒေသအတွင်းကကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိ၇သည်

 

ယခုကဲ့သို့ICJ တွင်ချေပလွှာတင်သွင်းနိုင်ရေးကိစ္စ မြန်မာစစ်ကောင်စီဘက်ကပြင်ဆင်နေသော်လည်းမြန်မာစစ်တပ်သည် မူဆလင်များအပေါ်ကျူးလွန်ခဲ့မှုအချို့သည်မှန်ကန်ထင်ရှားနေခဲ့သည့်အတွက် စစ်တပ်အားစွပ်စွဲထားမှုမှ လွတ်ကင်းအောင်ဆောင်ရွက်နိုင်ရန်အလွန့်အလွန်ခက်ခဲသည့်အချိန်ဖြစ်သည်ဟုရခိုင်အရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းကမှတ်ချက်ပြုသည်။

 

အဲဒီဟာတွေကို မဟုတ်ပါ၊မှားပါတယ်လို့ သက်သေပြဖို့ကလည်း အလွန်ခက်ခဲမှာဖြစ်ပါတယ်။ မြေပြင်မှာလည်းတချို့တဝက်က မှန်ကန်ခဲ့တဲ့အတွက်ကြောင့်။ နောက်ပြီးတော့ AA ဘက်ကလည်း အဓိက သက်သေ(၂)ယောက်ကိုလည်းပို့ပေးထားပြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ဒီဟာကတော့ သူတို့ (စစ်ကောင်စီ)ကလျှောက်ချင်သလောက်လျှောက်လဲပေမဲ့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု၊သူတို့ဘက်ကို ကာဗာပေးနိုင်တဲ့ လုံလောက်တဲ့အကျိုးသက်ရောက်မှုရှိမယ်လို့ မမြင်ဘူး။သို့သော်လည်း သူတို့လုပ်၇မဲ့အပိုင်းကိုတော့ သူတို့ လုပ်ကြတယ်ပေါ့လေ။ဒါပေမဲ့ တကယ်တန်းအဆုံးအဖြတ်ကတော့ အခုလိုမျိုး အခြေအနေမျိုး၊အချိန်အခါမျိုးမှာ စစ်ကောင်စီအနေနဲ့ကတော့ ဒီဆုံးဖြတ်ချက်တွေကနေလွတ်ကင်းအောင် ရုန်းနိုင်ဖို့ အလွန့်အလွန်ခက်ခဲတဲ့အချိန်လို့ပြောချင်ပါတယ်ဟုပြောသည်။

 

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဟောင်းဦးအောင်သောင်းရွှေကလည်း ယခုကဲ့သို့ ICJ ချေပလွှာ တင်သွင်းနိုင်ရေးမြန်မာစစ်ကောင်စီဘက်က ပြင်ဆင်လာနေမှုသည် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ပြီး မည်မျှအထိ အကျိုးသက်ရောက်မှု ရှိလာနိုင်မည် ဆိုသည်မှာစစ်ကောင်စီ၏လုပ်ရပ်အပေါ်မူတည်လိမ့်မည်ဟု သုံးသပ်ပြောသည်။

 

ဂမ်ဘီယာဘက်ကလည်းအဲလို ICJ ကဆုံးဖြတ်ချက်တွေရှိမယ်။အဲဒါတွေကို သူတို့ဘက်က ဆောင်ရွက်သင့်တာတွေကိုဆောင်ရွက်နေတယ်။ ဒီဘက်ကလည်းချေပဖို့အတွက် သူတို့ကြိုးစားနေခြင်းသာဖြစ်တယ်။မြန်မာနိုင်ငံကိုတော့ အဲလို ကမ္ဘာကြီးက ဝိုင်းပယ်ပြီးတော့ လုပ်နေတယ်။စစ်အစိုး၇ကိုတော့ ဝိုင်းပယ်ဖို့ လုပ်ဖို့ဆိုတာကတော့ သူတို့လုပ်၇မယ်ပေါ့နော်။Other Community Country လုပ်မဲ့အပိုင်းပေါ့လေ။ဒီဘက်ကအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ ရှိမလဲ။ အဲဒါနဲ့လည်းဆိုင်မယ်။ သူတို့ (ICJ)ကအရေးယူခြင်း၊ မယူခြင်းဆိုတာက သူတို့လုပ်ရပ်တွေ အပေါ်မှာ အများကြီးမူတည်မယ်လို့မြင်တယ်ဟု ပြောသည်။

 

ပြီးခဲ့သည့်၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင်မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် မူဆလင် ရ သိန်းခန့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုငံသို့  ထွက်ပြေးတိမ်းခဲ့၇ကြောင်းကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

 

ပြည်ထောင်စုဝန်ကြီးများအဖွဲ့သည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများပြန်လည်လက်ခံနေရာ ချထားရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ပြည်တွင်းနေရပ်စွန့်ခွာသူများ မူလနေရပ်သို့ ပြန်လည်နေရာချထားရေးနှင့်ယာယီစခန်းများပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ၇ခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအားကွင်းဆင်းစစ်ဆေးရန် လာရောက်ခဲ့ကြခြင်း ဖြစ်သည်ဟုလည်း သိ၇သည်။

 

သူတို့၏ခရီးစဉ်အတွင်းICJ ကိစ္စများအားဆွေးနွေးခဲ့သလို စစ်တွေတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသည့်ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းသို့သွားရောက်လေ့လာခဲ့သည်။

 

ဖေဖော်ဝါရီလ၆ ရက်က စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင်ပြုလုပ်ခဲ့သည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အကြို ၇ခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

 

ယင်းနောက်စစ်တွေ အထက(၄)တွင် ကျောင်းသူ/သားများအား ကိုဗစ်ကာကွယ်ဆေးများထိုးနှံ ပေးနေမှုတို့ကိုသွားရောက်ကြည့်ရှုခဲ့သလို စစ်တွေရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့သွားရောက်ပြီး စက်ချုပ်သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူ၊သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.