နိရဉ္စရာ၊ဖေဖော်ဝါရီ ၉/ ၂၀၂၃
၇ခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင်စစ်ကောင်စီတပ်ကထွက်ပြေးလာသည့်စစ်သားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ရေထဲကျပျောက်ဆုံးနေသူ၏ ရေလုပ်သားတစ်ဦး၏ အလောင်းအား ပြန်ရှာတွေ့ပြီ ဖြစ်သည်ဟု သတင်းရရှိသည်။
အဆိုပါအလောင်းမှာမြေပုံမြို့နယ်၊ ထူးချေကျေရွာမှ စက်လှေပိုင်ရှင်ဦးဆန်းညွန့်(၃၆)နှစ်ဖြစ်ပြီး ယနေ့ဖေဖော်ဝါရီလ ၉ရက်၊ နေ့လယ် ၁၂ နာရီခန့်လောက်တွင်သံသမမီးပြကျောက်ဆောင်အနီးရှိ ရေထဲမှဖော်ယူ တွေ့ရှိခြင်းဖြစ်သည်ဟုသိ၇သည်။
"အလောင်းကိုနေ့လယ် ၁၂နာရီဝန်းကျင်လောက်မှာတွေ့တာ။သေနတ်ပစ်ချခံခဲ့ရတဲ့နေရာမှာပဲ တွေ့တာ။ မသင်္ကါလို့ ရေမှာပေါ်နေတဲ့ ချထားတဲ့ပိုက်ကို ရေထဲကဆွဲဖော်ကြည့်တော့မှ ပိုက်ကိုကိုင်ပြီး သေလျှက်တွေ့တာပါ" ဟု ထူးချေရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
ဦးဆန်းညွန့်မှာနားထင်ကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
"သေနတ်ပစ်ခံ၇လို့ကျည်ထိတာက ပေါင်မှာမဟုတ်ဘူး။ နားထင်ကိုသေချာပစ်တာ။ထိုဖက် ဒီဖက် ပေါက်နေတယ်။ ရည်ရွယ်ပြီး အသေပစ်သတ်ခဲ့ပုံ၇တယ်။ ပိုက်ချနေရာကနေ သေနတ်နဲ့ပစ်ခံရလို့ပိုက်ကိုင်ရင်း ရေထဲကျသွားတာ။ သူ့မိသားစုတွေကတော့ယူကြုံးမ၇ငိုနေကြတယ်"ဟု အလောင်းအား သွားရောက်ရှာဖွေရာတွင်ပါဝင်သည့်ထူးချေရွာ သားတစ်ဦးကပြောသည်။
ဖေဖော်ဝါရီလ၈ရက်၊ နံနက် ၅နာရီခန့်က မြေပုံမြို့နယ် ထူးချေကျေးရွာမှ စက်လှေပိုင်ရှင် ဦးမောင်ဆန်းညွှန့်နှင့် ကိုဇော်မင်းသိန်းတို့သည် မြေပုံမြို့နယ် သံသမ မီးပြကျောက်ဆောင်အနီးတွင် ဟွန်ဒါစက်လှေတစ်စီးဖြင့်ငါးပိုက်ဖော်နေကြစဉ် တပ်မှလက်နက်များယူကာ ထွက် ပြေးလာကြသည့် စစ်သားနှစ်ဦးသည် မော်တော် ဘုတ်တစ်စီးဖြင့်ဘေးနားကို ရောက်ရှိလာပြီး ဦးမောင်ဆန်းညွှန့်အား အကြောင်းမဲ့သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။
ပိုက်ဖော်နေသူဦးမောင်ဆန်းညွှန့်၏ နားထင်ကို သေနတ်ဖြင့်ပစ်ပြီးစက်လှေပေါ်တွင်ရှိနေသူ ကိုဇော်မင်းသိန်းအားရေထဲကို ကန်ချပြီး ဟွန်ဒါစက်လှေကိုမောင်းယူသွားခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
၎င်းစစ်သားနှစ်ဦးကိုလက်ရှိ ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိ၇သည်။
အသက်ဘေးမှလွတ်မြောက်လာသူ ကိုဇော်မင်းသိန်းလည်း ၎င်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီးအေအေက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားသည်ဟုကျေးရွာသား တစ်ဦးက ပြောသည်။
သေဆုံးသွားခဲ့သူ ဦးမောင်ဆန်းညွှန့်ကို ယနေ့ မွန်းလွဲ ၂ နာရီကသဂြိုလ်လိုက်သည်ဟု သိ၇သည်။ (NN-12)
(ပုံစာ- သေဆုံးသူ ဦးမောင်ဆန်းညွှန့်အလောင်းကိုတွေ့၇စဉ်)