၇ခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ၊ ကျောက်ဆိပ်ကျေးရွာတွင် သုံးဘီးယာဉ်ဖြင့်တိုက်မိ၍ အသက်(၅) နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသည့်ကလေးငယ်မှာဦးကျော်ဇောလှနှင့် ဒေါ်ဝါဝါနိုင်တို့၏သား မောင်ကျော်နိုင်လင်း (၅ နှစ်) ဖြစ်ကြောင်းသိ၇သည်။
ယနေ့ ဖေဖော်ဝါရီလ ၉ရက်၊ နံနက် ၁၁ နာရီခွဲတွင် ပေါက်တောမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ အတွင်းလမ်းမတွင် ကစားနေသည့် ကလေးငယ်အား အုတ်သယ်လာသည့် ပေါက်တောမြို့နယ် အ၀ကန်ရွာမှဦးမောင်လှမြင့်၏ သုံးဘီးဖြင့်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့၇ခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
"အဲ့ကလေးရဲ့အိမ်နားမှာ မင်္ဂလာဆောင်ရှိတယ်။ ကလေးတွေက က နေကြတာ။ အဲ့ဒီ သုံးဘီးက ကျောက်ဆိပ်ကို အုတ်လာပို့တာ။ သူ့မှာ ဘရိတ်မပါဘူးပြောတယ်။ ဂီယာနဲ့ ထိန်းတာ ထိန်းမ၇လိုက်ဘူးထင်တယ်။ တိုက်ပြီးတော့မှတခါ လည်ပင်းကို နင်းသွားသေးတယ်။ တခါတည်းပွဲချင်းပြီး ဆုံးသွားတာ။ ကျောက်ဆိပ်က ဆေးရုံကိုယူသွားကတည်းက သေနေပြီ။ တိုက်တဲ့ကောင်လေးလည်း မပြေးဘူး။ ဝန်ခံတယ်။ အခု တပ်တော်က ခေါ်သွားပြီ" ဟု ပြောသည်။
သုံးဘီးသမား ဦးမောင်လှမြင့်ကို လက်ရှိမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိ၇သည်။
၇ခိုင်ပြည်နယ်တွင် ကားဆိုင်ကယ် မတော်တဆ တိုက်မှု မကြာခဏဖြစ်ပွားနေသဖြင့် ကား၊ သုံးဘီး၊ ဆိုင်ကယ်များ မောင်းသူများအနေဖြင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို အထူး လိုက်နာကြရန်လိုသလို ကား၊ သုံးဘီးနှင့် ဆိုင်ကယ်မောင်းသူများကိုလည်း အမောင်းလိုင်စင်ရှိသူများကိုသာ မောင်းနှင်ခွင့်ပြုသင့်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ (NN-7)