နိရဉ္စရာ၊ဖေဖော်ဝါရီ ၁၃/၂၀၂၃
၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကိုင်းရှည်တံတားပေါ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညည့် ၈ နာရီခွဲခန့်ကလက်ထောက်မူလတန်းပြကျောင်းဆရာသုံးဦးကို ရဲတစ်ဦးက ဥပဒေကိုကျော်လွန်ပြီး ထိုးကြိတ်မှုပြုခဲ့ကြောင်းသတင်းရရှိသည်။
ထိုးကြိတ်ခံရသောလက်ထောက်မူလတန်းပြကျောင်းဆရာသုံးဦးမှာ တောင်ကုတ်တက္ကသိုလ်တွင်အဝေးသင် လက်တွေ့ဆင်းရန်အတွက် ရောက်ရှိနေကြသည့် ကိုမျိုးကျော်ဝင်း၊ကိုနိုင်ဝင်းထွန်းနှင့် ကိုနိုင်ဖြိုးတို့ဖြစ်ကြပြီး ထိုသုံးဦးအနက် နှစ်ဦးမှာအမ်းမြို့နယ်ကဖြစ်ပြီး ကျန်တစ်ဦးမှာ တောင်ကုတ်မြို့နယ် မောင်းကျေးရွာကဖြစ်သည်။
၎င်းတို့သုံးဦးသည် ယမန့်နေ့ည ၈ နာရီခွဲခန့်က သူငယ်ချင်းများနှင့် ဝိုင်းဖွဲ့သောက်စားပြီး ၎င်းတို့နေထိုင်ရာအဆောင်သို့ကိုင်းရှည်တံတားပေါ်မှ ဆိုင်ကယ်နှစ်စီးဖြင့် ဖြတ်သွားစဉ်တံတားပေါ်တွင်ကင်းစောင့်နေသည့် ရဲတစ်ဦးက ဆိုင်ကယ်ကိုလာတားကာ လက်သီးဖြင့် ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်ဒေသခံများကပြောသည်။
"အရင်ဆုံးဆိုင်ကယ်မောင်းတဲ့တစ်ယောက်ကိုထိုးတော့ လဲကျသွားတယ်။သူထလာတော့ ဆက်ပြီးထိုးတယ်။ အခြားဆိုင်ကယ်တစ်စီးက မောင်းတဲ့သူမှာဆိုရင်နဖူးမှာပေါက်သွားတယ်။ နဖူးထိပ်မှာဥသွားတယ်။ သူတို့က မှားသွားရင်တောင်းပန်ပါတယ်ဆိုပြီး လက်အုပ်ချီပြီး တောင်းပန်တယ်၊အဲ့တာတောင် မလွတ်ချင်သေးဘူး။နောက်မှလွှတ်ပေးလိုက်တယ်။ သူတို့က သောက်ထားတော့ ဆိုင်ကယ်မောင်းနေတာကနည်းနည်းတော့ ဟန်မကျဘူးပေါ့။ဆိုးဆိုးရွားရွားတော့မဟုတ်ဘူး။ ပါးစပ်နဲ့မပြောဘဲလက်သီးနဲ့အရင်ထိုးတာပါ ရဲတွေက။ ဥပဒေကို ကျော်လွန်ပြီးလုပ်တာပေါ့" ဟုပြောသည်။
အဆိုပါရဲကိုယင်းကျောင်းဆရာသုံးဦးမှ လက်အုပ်ချီပြီတောင်းပန်မှသာလျှင်သူတို့ကလွှတ်ပေးခဲ့ပြီး အဆိုပါရဲကင်းရှိ ရဲသားနောက်ထပ်တစ်ဦးမှာနဂိုထက်စိတ်ဆတ်နေသည့်ပုံစံကိုတွေ့ရပြီး မူမမှန်သည့် ပုံစံကိုတွေ့၇ကြောင်းပြောသည်။
အဆိုပါရဲ၏ထိုးကြိတ်ခြင်းကိုခံရသည့် လက်ထောက်မူလတန်းပြကျောင်းဆရာတစ်ဦးက "ကျနော်တို့ကကျောင်းဆရာတွေဆိုတော့ ဒီလိုမျိုး လမ်းအလယ်မှာ အရိုက်ခံရတော့ ရှက်လည်း ရှက်မိပါတယ်။ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်ရှိတဲ့သူကို လမ်းလယ်ခေါင်မှာအရိုက်ခံ၇တော့အပြစ်သား တစ်ယောက်ကို နှိပ်စက်သလိုပုံစံဖြစ်နေပါတယ်။သူတို့စကားနဲ့ပြောလို့၇တာကို လက်နဲ့ထိုးစရာ အကြောင်းမရှိဘူးလေ။ကျနော်တို့မှားသွားရင်တောင် စခန်းမှာ ခံဝန်ထိုးပြီး ဆိုင်ကယ်ကို သိမ်းသွားလို့၇ပါတယ်။ ကျနော်တို့ကလူသတ်သမားတွေလည်းမဟုတ်ဘူးလေ။" ဟုပြောသည်။
အဆိုပါကိုင်းရှည်တံတားပေါ်တွင် လမ်းတစ်ဖက်ခြမ်းကို လုပ်နေ၍ အခြားလမ်းတစ်ဖက်ခြမ်းမှသာယာဉ်များသွားလာရကြောင်း သိ၇သည်။
ယင်းကိုင်းရှည်တံတားပေါ်တွင်ကင်းစောင့်နေသည့်ရဲကင်းတွင် ရဲသား ငါးဦးရှိပြီး ထိုးကြိတ်သည့်ရဲမှာ တစ်ယောက်တည်းဖြစ်ကာ ကျန်ရဲများမှရပ်ကြည့်နေသည်ဟု သိ၇သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းသို့နိရဉ္စရာသတင်းဌာနအနေဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
(NN-8)