တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး ၇ ရက်ကြာ အိမ်တိုင်ယာရောက် အခမဲ့တိုက်ကျွေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၃ /၂ဝ၂၃

ရခိုင်ပြည်နယ်တွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ယနေ့မှစတင်ကာ ၇ ရက်ကြာ အိမ်တိုင်ယာရောက် အခမဲ့တိုက်ကျွေးနေကြသည်ဟု သိရသည်။

အဆိုပါကာကွယ်ဆေးကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်ကာ ဖေဖော်ဝါရီလ ၁၉ ရက်အထိ စစ်တွေခရိုင်ရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်၊ မြောက်ဦးခရိုင်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံစသည့် မြို့နယ် (၈)ခုရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကျန်းမာရေးဝန်ထမ်းများက အိမ်တိုင်ယာရောက်သွားရောက်ကာ အခမဲ့တိုက်ကျွေးနေကြခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးမှူး ဦးတင်မောင်ရှိန်က "စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့နယ်မှာ ဆင်ခြေထောက် ရောဂါရှိ/မရှိ မြို့နယ်ကျန်းမားရေးဦးစီးဌာနက စစ်ဆေးချက်အရ လူ ၁ဝဝ မှာ ၉ ယောက်လောက် ဆင်ခြေထောက်ရောဂါပိုးတွေ့ရှိတာကြောင့် မြို့ပေါ် ၄ ရပ်ကွက်အပါအဝင် မြို့နယ်အတွင်းက ကျေးရွာတွေကိုပါ အဖွဲ့ခွဲပြီး ကွင်းဆင်းပြီး ဆေးတိုတ်ရတာ”ဟု ပြောသည်။

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် လူ ၁ ဦးလျှင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ(DEC)နှင့် အယ်ဘန်ဒါဇော(Albendazole)စသည့် ဆေး(၃)မျိုးကို ပေါင်းစပ်ပြီး တိုက်ကျွေးနေခြင်းဖြစ်သည်။

ယင်းဆေးကိုသောက်သုံးခြင်းဖြင့် ဆင်ခြေထောက်ရောဂါပိုးရှိသူများနှင့် ရောဂါငုပ်နေသူများအတွက် ကုသပြီးရာရောက်ပြီး ရောဂါပိုးမရှိသူများသောက်လျှင်လည်း ဆေးအာနိသင်ကြောင့် ရောဂါကာကွယ်ပြီးသားဖြစ်သွားမည်ဟု ကျန်းမာရေးဌာနမှထုတ်ပြန်ထားသည်။

ယင်းအပြင် အိုင်ဗာမက်တင်ဆေးနှင့် အယ်ဘန်ဒါဇောဆေးတို့သည် ခန္ဓာကိုယ်တွင်းရှိ သန်ကောင်၊ တုတ်ကောင်များနှင့် ဆံပင်တွင် တွယ်ကပ်နေသော သန်းများကိုလည်း သေစေနိုင်သလို ဝဲစို၊ ဝဲခြောက်ရောဂါများကိုလည်း သက်သာစေနိုင်သည်အထိ အကျိုးကျေးဇူးရှိကြောင်း သိရသည်။

ကာကွယ်ဆေးသောက်သုံးခဲ့သည့် ဒေါ်သိန်းမေက “ကျမတို့က မိသားစု ၅ ယောက်ရှိတယ်လေ။ ဆင်ခြေထောက်ရောဂါကူးစက်မှာကိုကြောက်တာကြောင့် တစ်မိသားစုလုံး သောက်ရတယ်။ ဒီဆင်ခြေထောက်ရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ရော၊ ပိုးတွေရှိထားတဲ့သူတွေ အမြန်ဆုံး သောက်သင့်တယ်”ဟု ပြောသည်။

အဆိုပါဆေးကို အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ပြင်းထန်စွာနာမကျန်းဖြစ်နေသူမျာ
းမှအပ ကျန်လူများအားလုံးသောက်သုံးနိုင်သည်ဟု သိရသည်။
ကျန်းမာရေးဝန်ထမ်းများ ဆေးလာရောက်တိုက်ကျွေးသည့်အခါလည်း ယုံယုံကြည်ကြည်ဖြင့်သောက်သုံးကြရန်လည်း ကျန်းမာရေးဌာနက နှိုးဆော်ထားသည်။

အဆိုပါကာကွယ်ဆေးသည် သန်ချဆေးဖြစ်သည့်အတွက် ဆေးသောက်ပြီးနောက် လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ်၊ ပျို့အန်တတ်သော်လည်း ဆိုးဝါးသော ဘေးထွက်ဆိုးကျိုးမရှိဟု ဆိုသည်။

အစာစားပြီး ၁ နာရီအကြာမှစ၍သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင် အိပ်စက်အနားယူလိုက်လျှင် ပိုကောင်းသည်ဟု သိရသည်။

ရောဂါပိုးရှိသူများတွင် ဆေးအာနိသင်ကြောင့် ဖျားခြင်း၊ ကိုက်ခဲခြင်းများဖြစ်တတ်ပြီး ယင်းသို့ဖြစ်ပေါ်ပါက ပါရာစီတာမောကိုသောက်သုံးနိုင်သည်ဟုလည်း ဆိုထားသည်။

ဆင်ခြေထောက်ရောဂါသည် သွေးကြောတွင်နေသော သန်ကောင်အမျိုးအစားကပ်ပါးပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ညအချိန်ကိုက်သည့်ခြင်ကြောင့် ကူးစက်စေနိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ