စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦး ထင်းခွေရန်သွားစဉ် မိုင်းနင်းမိ၍ ညာခြေတစ်ဖက်ပြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.4k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၃

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက် ၁၂ နာရီခန့်က ၎င်းတို့ရွာအနီးတောင်သို့ထင်းခွေသွားရာတွင် မိုင်းနင်းမိ၍ ညာခြေတစ်ဖက်ပြတ်သွားကာ အရေးပေါ်ဆေးကုသနေရကြောင်း သိရသည်။

 

မိုင်းနင်းမိ၍ညာခြေတစ်ဖက်ပြတ်သွားသူမှာ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာမှ အသက် ၄၁ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချေဖြစ်ပြီး ၎င်းတို့ရွာအနီးရှိ (၃၇၄) တောင်သို့ ထင်းသွားခွေရာတွင် မိုင်းနင်းမိ၍ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတွင် မေးစေ့အောက်နှင့် ညာဖက်လက်ဖျံတို့တွင်လည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

လက်ရှိတွင် ၎င်းဦးဇော်မိုးလွင်သည် ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ ယာယီရပ်နားထားသော်လည်း မိုင်းနှင့်စစ်ကျန်လက်နက်တို့ကြောင့် တောတောင်များသို့ ဟင်းရှာ၊ ထင်းခွေရန်သွားသည့် ဒေသခံပြည်သူအများအပြားမှာ မကြာခဏ ထိခိုက်ဒဏ်ရာရရသေဆုံးမှုများရှိနေသည်။

 

ထိုကဲ့သို့ သေဆုံး ဒဏ်ရာရရှိမှုများရှိနေသော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ ကျေးရွာများအနီးဝန်းကျင်တွင် တိုက်ပွဲကာလအတွင်း ထောင်ထားသည့်  မိုင်းများကို ရှင်းလင်းပေးခြင်းမရှိဘဲ စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းနေသည်ဟု သိရသည်။  

ဆက်စပ် သတင်းများ