စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ကျောင်းတက်နေသူများနှင့် စခန်းပြင်ပအလုပ်သွားလုပ်သူများကို WFP ထောက်ပံ့ငွေ မပေး၍ အခက်တွေ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.4k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁/  ၂၀၂၃


ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က စစ်ဘေးရှောင်များကို ထောက်ပံ့ငွေ ပေးအပ်နေရာတွင်  စခန်းပြင်ပထွက်၍ ကျောင်းတက်နေသူများနှင့် အလုပ်လုပ်နေသူများကို မပေးခဲ့၍ အခက်တွေ့နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

မြောက်ဦးမြို့၊ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က ထောက်ပံ့ငွေပေးခဲ့သော်လည်း စခန်းပြင်ထွက်၍ အလုပ်လုပ်ကိုင်နေသူများ နှင့် ပြင်ပတွင် ကျောင်းတက်နေသည့် ကျောင်းသားများကိုပါ ငွေကြေးထောက်ပံ့မှုမရှိခဲ့ဟု စစ်ဘေးရှောင်တစ်ဦးက နိရဥ္စရာကို ပြောသည်။

စာရင်းကောက်ကြတယ်။ လူဦးရေစစ်ကြတယ်။ အစိုးရဆီကလည်း ရိက္ခာမရ၊ တခြား NGO တွေကလည်း ရိက္ခာမရဆိုတော့ လူတွေက စခန်းထဲမှာ အမြဲမနေတော့ဘူး။ အပြင်ထွက် လုပ်လုပ်ကြတာပေါ့။ သူတို့က လာချိန်တဲ့ အချိန်မှာ လူစာရင်းစစ်တော့ လူမရှိရင် အကုန်လုံးကို ဖြုတ်ချပစ်ခဲ့တယ်။ မနေ့ကလာတော့ လူတစ်ယောက်ရဲ့ တစ်ရက်စားစရိတ်ကို ၇၀၀ ကျပ်စီနဲ့ ၂ လစာပေးခဲ့တယ်။ မနေ့ကတင် လူစာရင်းကောက်ကြည့်တော့ ၂၀၀ ကျော် လောက်ရှိနေပါတယ် ကျန်တဲ့ ၄၀၀ လောက်က မရလိုက်ဘူး ဟုပြောသည်။

စခန်းပြင်ထွက်ပြီး အလုပ်နေသော စစ်ဘေးရှောင်များ ကျောင်းသား ကျောင်းသူများအပြင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များ မပြနိုင်သူများကိုလည်း ငွေကြေးထောက်ပံ့ကြေးမရရှိဟုလည်း ၎င်းကဆက်ပြောသည်။

အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တို့ မပြနိုင်ရင်မရဘူး။  ကျေးလက်ဒေသကလူတွေမှာ လူတိုင်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိဘူးလေ။ မှတ်ပုံတင်သွားလုပ်ဖို့လည်း စစ်ဘေးရှောင်တွေက မတတ်နိုင်ဘူးလေ။ ကျွန်တော်တို့မှာဆိုရင် မီးလောင်ပြာကျထားတဲ့သူဆိုတော့ အိမ်ထောင်စု စာရင်းကို မပြနိုင်လို့မရဘူး။ ကျွန်တော်တို့က ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးကို WFP အနေနဲ့ ပြည့်ဝအောင်ပေးစေချင်ပါတယ်။ ခွဲခြားမှု မရှိစေချင်းဘူး။ အခက်အခဲ ဒုက္ခဖြစ်သူတိုင်း ရသင့်တဲ့ အခွင့်အရေးကို သူတို့ကိုယ်တိုင်က မချိုးဖောက်သင့်ဘူးလို့ ပြောချင်ပါတယ် ဟုပြောသည်။

လက်ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စုရှိပြီး၊ လူဦးရေ ၇၈၃ ဦးရှိသည်ဟု သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး WFP ဘက်သို့ ဆက်သွယ်နေဆဲဖြစ်၍ သူတို့၏ သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

မြောက်ဦးမြို့ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) က လူဦးရေစာရင်း လာရောက် ကောက်ယူမှု ၂ ကြိမ်ရှိပြီဖြစ်ပြီး၊ ရိက္ခာများလာရောက်ထောက်ပံ့ခြင်း မရှိသေးဟု တိမ်ညိုစစ်ဘေးရှောင် စခန်း ပြန်ကြားရေးတာဝန်ခံ ဦးဦးစိုးနိုင်က နိရဥ္စရာကို ပြောသည်။

သူတို့ကတော့ လူဦးရေစာရင်းတွေကို အမှန်တကယ် စစစ်ဖို့ပြောပါတယ်။ စစ်ပါ ရပါတယ်။ သူတို့က လူရှိမှပေးမယ်လို့ ပြောပါတယ်။ တစ်ခါတည်း စခန်းမှာ ထိုင်နေရမယ်ဆိုတာကတော့ လူရှိမှ မတ်တပ်ရပ်ပြမှ ပိုက်ဆံပေးမယ်ဆိုတော့ အဆင်ပြေမှာမဟုတ်ဘူးလို့။ ကျွန်တော်တို့မှာလည်း နည်းနည်းတော့ ကွာဟမှုရှိပါလိမ့်မယ်။ တစ်ခါတစ်ခါ အခက်အခဲတွေရှိပါတယ်။ ကိုယ်ရဲ့အခြေအနေကို သိပါတယ်။ သူတို့လာတဲ့အချိန် ရှိချင်လည်းရှိမယ်။ မရှိရင်လည်း အပြင်ထွက်ပြီး အလုပ်လုပ်ဖို့၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ ကျန်းမာရေး ကိစ္စရှိကောင်းရှိမယ်။ အဲ့ဒါကြောင့်ပါပဲ။ စစ်ချင်လို့စစ်ပါ။ ကျွန်တော်ကတော့ မရတာမျိုးတော့ ဖြစ်စေချင်ဘူး။ ခဏလေးမရှိတာနဲ့ ထောက်ပံ့ကြေး မပေးဘူးဆိုတာတော့ လက်မခံနိုင်ပါဘူး ဟုပြောသည်။

လက်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အများစုက မြောက်ဦးမြို့နယ်က ဖြစ်ကြပြီး၊ ကျောက်တော်၊ ချင်းပြည်နယ် ပလက်ဝ စသည့် မြို့နယ်အသီးသီးမှ ရွာ ၁၂ ရွာက အိမ်ထောင်စု ၇၇၃ စုရှိပြီး၊ လူဦးရေ ၂၈၆၂ ဦး ခိုလှုံနေထိုင် ကြသည့် စစ်ဘေးရှောင်တစ်ခုဖြစ်ကြောင်း သိရသည်။

လူကိုယ်တိုင်ရှိမှပေးမယ်ဆိုတော့ အဲ့ဒီပိုက်ဆံနဲ့ ထိုင်စားနေတဲ့ သူတွေမဟုတ်ဘူးလေ။ စခန်းမှာ လုံးဝမနေတော့ဘူး ဆိုရင်တော့ရတယ်။ ပေးစရာမလိုပါဘူး။ ဒီထောက်ပံ့ကြေးရငွေတွေနဲ့ မလောက်ဘူး။ မိသားစုတစ်စု ရပ်တည်ဖို့ ဆိုတာကတော့ မလွယ်ပါဘူး။ အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်။ စစ်ဘေးရှောင်တွေဆိုတာက စစ်ကိုကြောက်လို့ ရှောင်နေတာပါ။ ဒါတွေကို နားလည်ဖို့လိုပါတယ် ဟု ၎င်းကဆက်ပြောသည်။

၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ရခိုင်မှ စစ်ဘေးရှောင် နှင့် ကယ်ဆယ်ရေး စခန်းများအား လူသားချင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့မှုများအား ထောက်ပံ့မှုမပြုဘဲ ရပ်တန့်ထားသည့်အတွက် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ရင်ဆိုင်ခဲ့ကြရသည်။
 
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက်က ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အေအေတို့ အလွတ်သဘော အပစ်ရပ်ပြီးနောက် ဒီဇင်ဘာလမှ စတင်ကာ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် လူသားချင်းဆိုင်ရာအကူအညီများ ပြန်လည် ထောက်ပံ့ပေးအပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ