တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့နယ် တိုက်နယ်ဆေးရုံတစ်ခုတွင် သုံးလကျော်ထိဆရာဝန်မရှိသောကြောင့် ကျေးရွာပေါင်း ၁၀ ကျော်ကဒေသခံတွေ ဆေးကုသရေးအခက်ခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.6k

နိရဥရာ၊ ဖေဖေဝါရီ ၁၇/၂၀၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးတိုက်နယ်ဆေးရုံမှာ ဆေးကုသပေးမည့် ဆရာဝန်မရှိသည်မှာ ၃ လ ကျော်ကြာမြင့်နေပြီ ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံများမှာ ဆေးဝါးကုသရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု သတင်းရရှိသည်။

 

ယင်းသို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက်ဒေသခံများမှာ ကုန်းလမ်းနှင့်ရေလမ်းမှ တဆင့် အနည်းဆုံး ၂ နာရီကျော်သွားလာရသည့် အမ်းမြို့ပေါ်ထိ ဆေးကုသရန် သွားရောက်နေရသည့်အတွက် အချိန်ကုန် လူပင်ပမ်းကာ အသွားအလာကားခများ အပိုကုန်ကျနေရပြီး ငွေကြေးချို့တဲ့သူများအနေဖြင့် အခက်အခဲကြုံနေရသည်ဟု ပြောသည်။

 

" ဆရာဝန်က အခုထိမရှိသေးဘူး။  ဆေးကုဖို့ရှိရင် မြို့မှာပဲသွားပြနေရတယ်။လမ်းစရိတ်တွေလည်း ကြီးတယ်။ မကုန်သင့်ဘဲကုန်နေရပါတယ်" လို့ ရူးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

 

အဆိုပါ ရူးတိုက်နယ်ဆေးရုံကို ရူးကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်လောက်မှ အားထားနေရသည့် ဆေးရုံတစ်ခုဖြစ်သည်ဟု သိရသည်။

 

ယင်းအပြင် မြေပုံမြို့နယ်၊ ရေကောင်းချိန်ကျေးရွာ၊ ပေါက်တူးတောင်၊ တပ်ရပ်ကျေးရွာတို့နှင့် နီးစပ်သည့်အတွက် ဒေသခံအမြောက်အများ၏ ကျန်းမာရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရေရှည်တာဝန်ထမ်းဆောင်မည့် ဆရာဝန်တစ်ဦးခန့်ထားပေးရန် မျှော်လင့်ကြောင်း ဒေသခံများက ပြောသည်။

 

"ကျွန်မတို့ရွာတွေဖက်ကတော့ ရူးတိုက်နယ်ဆေးရုံကို အားကိုးနေရတာပါ။ အမ်းမြို့နဲ့ အတော်ဝေးတယ်။ အခုဆရာဝန်မရှိတော့ ဆေးကုဖို့ အမ်းမြို့ထိသွားနေရတယ်။ သွားရတော့ ပိုက်ဆံပိုကုန်ပါတယ်" လို့ ရူးကျေးရွာက ဒေသခံအမျိုးတစ်ဦးက ပြောသည်။

 

 ပြီးခဲ့သည့် ၁၀ နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ရူးတိုက်နယ်ဆေးရုံကို စတင်ဖွင့်လှစ်ခဲ့ပြီးဆရာဝန် ၄ ဦးထိ တာဝန်ကျကုသပေးခဲ့သော်လည်း လက်ရှိတွင် ဆေးကုသပေးမည့် ဆရာဝန်တစ်ဦးမျှ မရှိ ကြောင်း ဒေသခံများက ပြောသည်။

 

ယင်းဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလလောက်မှဖြစ်ပြီး လက်ရှိတွင် သုံးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့် ဒေသခံ လူထု၏ ဆေးဝါးကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခက်ကြုံနေရသည်ဟု ပြော ဆိုကြသည်။

 

" ရွာက ကျန်းမာရေးမှူးကိုမေးကြည့်ကြပါတယ်။ ဆရာ၀န်ရောက်မယ်လို့တော့ မကြားရဘူး အဲသလိုပြောပါတယ် ဆရာဝန်မရှိရင် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ရပါတယ်"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

 

 ယင်းကိစနှင့် ပတ်သက်၍ အမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနအား ဆက်သွယ်မေးမြန်းနိုင်ရန် နိရဥရာမှ ကြိုစားနေဆဲဖြစ်သည်။ (NN-23)

 

ဓာတ်ပုံ- လေး၀တီစောမောင်ကြည်

ဆက်စပ် သတင်းများ