စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သံတွဲမြို့ခံ ကဗျာဆရာများရေးသားသည့် "ကဗျာသက္ကရာဇ်" နှင့် "အလွမ်းများစုစည်းရာဒေသ" ကဗျာစာအုပ်နှစ်အုပ် မိတ်ဆက်ပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၈/၂၀၂၃

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ဇာတိ ကဗျာဆရာများရေးသားထုတ်ဝေသည့် "ကဗျာသက္ကရာဇ်" နှင့် "အလွမ်းများ စုစည်းရာဒေသ" ကဗျာစာအုပ် ၂ အုပ် မိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ယင်းကဗျာစာအုပ်မိတ်ဆက်ပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်မှစတင်ကာ ညနေ ၄ နာရီခွဲအချိန်ထိ သံတွဲခရိုင်ပြန်ကြားရေးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သံတွဲမြို့နယ်စာရေးဆရာအသင်းမှ သိရသည်။

 

ထိုသို့မိတ်ဆက်ပွဲပြုလုပ်ခဲ့သည့် ကဗျာစာအုပ်နှစ်အုပ်မှာကဗျာဆရာ ပံသုမောင်ရေးသားထုတ်ဝေသည့် "ကဗျာသက္ကရာဇ်"အမည်ရှိ လုံးချင်းကဗျာစာအုပ်နှင့် ဆရာဇော်မင်းထွန်း(သံတွဲ)၊ ဥဩဖိုးညီ၊ ပံသုမောင်တို့ သုံးဦးရေးသားထုတ်ဝေသည့် "အလွမ်းများစုစည်းရာဒေသ"အမည်ရှိ ကဗျာစာအုပ်တို့ ဖြစ်ကြသည်။

 

ယင်း ကဗျာစာအုပ်နှစ်အုပ်ထဲမှ "ကဗျာသက္ကရာဇ်" ကဗျာစာအုပ်မှာ ဂန္ထဝင်ကဗျာအမျိုးအစားဖြစ်ပြီး "အလွမ်းများစုစည်းရာဒေသ" ကဗျာစာအုပ်မှာ ခေတ်ပေါ်ကဗျာအမျိုးအစားဖြစ်သည်ဟု သံတွဲမြို့နယ် စာရေးဆရာများအသင်း ဥက္ကဋ္ဌ ဆရာဇော်မင်းထွန်း(သံတွဲ)က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 

" ဆရာပံသုမောင်ရေးသားတဲ့ "ကဗျာသက္ကရာဇ်"စာအုပ်မှာက တေးထပ်ကဗျာတွေ၊ ကာရံလိုက်ပြီး ရေးတဲ့ ဂန္ထဝင်ကဗျာအမျိုးအစားတွေပါ။ နောက်တစ်အုပ် ကျနော်တို့သုံးယောက်ပေါင်းထုတ်တဲ့ "အလွမ်းများစုစည်းရာဒေသ" ကတော့ ခေတ်ပေါ်ကဗျာအမျိုးအစားတွေဖြစ်ပါတယ်။ မြန်မာဘာသာစကားနဲ့ ပါပါတယ်။ နောက်ပြီး သံတွဲဒေသိယ အသံနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါဝင်ပါတယ်" ဟု ဆရာဇော်မင်းထွန်း(သံတွဲ)က ပြောသည်။

 

ယင်းအပြင် "ကဗျာသက္ကရာဇ်" ကဗျာစာအုပ်တွင် ဒွါရာဝတီခေါ်သံတွဲမြေမှ ကျေးလက်ရှုခင်း မြင်ကွင်းများနှင့် လူမှုဘဝတို့ကိုဖွဲ့ဆိုထားသည့် ကဗျာများနှင့် ဒေသဂုဏ်ဆောင်အထင်ကရပုဂိုလ်များ၏ ဂုဏ်ကျေးဇူးကိုဖွဲ့ဆိုထားသည့်ကဗျာများ ပါဝင်ကြောင်း သူက ပြောသည်။

 

အဆိုပါ ကဗျာစာအုပ်နှစ်အုပ်ကို ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲမြို့တို့ရှိ စာအုပ်ဆိုင် များတွင် ဖြန့်ချိရောင်းချသွားမည်ဟုသိရသည်။

 

ယနေ့ပြုလုပ်ခဲ့သည့်စာအုပ်မိတ်ဆက်ပွဲတွင် နောက်ခံဂီတနှင့် ကဗျာရွတ်ဖတ်မှုအစီစဥ်လည်း ပါဝင်ခဲ့ပြီး သံတွဲမြို့စာပေအသိုင်းအဝိုင်းမှာ လူပေါင်း ၉၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ